စွန့်ခွာခဲ့ရတဲ့ မြေယာတွေ ပြန်လည်ရရှိဖို့ စစ်ဘေးဒုက္ခသည်တွေ တောင်းဆို


2019.08.21
refugee-lands-622.jpg မြေယာအရေး ဦးဆောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ သြဂုတ် ၂၁ ရက်နေ့က ရန်ကုန်မြို့၊ Summit Parkview ဟိုတယ်မှာ ကျင်းပစဉ်
ဓါတ်ပုံ - သန့်ဇင်ဦး/ RFA

ရှမ်း၊ ကချင်၊ ကရင်၊ ကယားနဲ့  မွန်ပြည်နယ်တို့က ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ သူတို့ပိုင် မြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာတွေ ပြန်ရဖို့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ မြေယာအရေး ဦးဆောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ရန်ကုန်မြို့က Summit Parkview ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သဘောထား ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အစိုးရဲ့ ၂၀၁၂ မြေလွတ် မြေလပ် မြေရိုင်းဥပဒေနဲ့ ၂၀၁၈ မှာပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေအရ သတ်မှတ်ခံလိုက်ရတဲ့ မြေတွေဟာ စစ်ဘေးရှောင်ဒေသခံတွေရဲ့ မြေတွေဖြစ်နေတဲ့အတွက် အဲဒီမြေတွေပြန်ရဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲ ဦးဆောင်ကျင်းပတဲ့ Transnational Institute (TNI) ရဲ့ မြေဥပဒေဆိုင်ရာအဖွဲ့ဝင် မိခမွန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်တွေရဲ့ မူရင်းမြေနေရာတွေမှာ ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်တာတွေ မရှိစေဖို့နဲ့ တပ်စခန်း ချထားတာတွေကိုလည်း ဖယ်ရှားပေးစေချင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်ခွန်ထွယ်က ပြောပါတယ်။

ဒါပေမဲ့ ဒုက္ခသည် IDP စခန်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့သူတွေကတော့ သူတို့အတွက် အာမခံချက်နဲ့ ငြိမ်းချမ်းရေးရရှိမှ နေရပ်ကိုပြန်ချင်ကြတယ်လို့ ဒေါ်ခွန်ထွယ်က ဆိုပါတယ်။

စစ်ဘေးရှောင်တွေရဲ့မြေယာအရေးလုပ်ဆောင်နေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းအရ နယ်စပ်စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ပေါင်း ကိုးသောင်းကျော်ရှိနေပြီး စစ်ဘေးရှောင် IDP စခန်းတွေမှာတော့ စစ်ဘေးရှောင် ငါးသိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။

IDP စခန်းတွေမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် ရိက္ခာလျော့ချမယ့် အစီအစဉ်တွေကိုလည်း မလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ မူလပိုင်ဆိုင်တဲ့ မြေနေရာတွေ ပြန်လည်ရရှိရေးအတွက် မကြာခင် နိုင်ငံတော် သမ္မတ အပါအဝင် ဌာနဆိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမယ်သိရပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။