ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ ကျူးကျော်နေထိုင်တဲ့ တဲအိမ်အလုံးရေ တစ်ထောင်ကျော်ကို သုံးရက်အတွင်းဖယ်ရှားပေးဖို့ ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ကျောက်တန်းမြို့နယ် စံချိန်မီ အနောက်ပိုင်းရပ်ကွက်၊ ရွှေပြည်သာယာ၊ အေးမြသီတာနဲ့ သီတာမြိုင် ရပ်ကွက်တွေမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ တဲအလုံးရေ တစ်ထောင်ကျော်ရှိပြီး အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ် ပါတယ်။ ကျူးကျော်နေထိုင်သူတွေ မဖယ်ရှားပေးရင် ဆန္ဒပြမှာဖြစ်တယ်လို့ မြို့ခံ ဦးမျိုးဝင်းက ပြောပါတယ်။
"ကျနော်တို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ပြပါတယ်၊ ဆွေးနွေးပါတယ်၊ သူတို့လည်း အဆင့်ဆင့် အထက်ကိုတင်ပြပါတယ်၊ မနေ့ကတော့ ကြေညာချက်ထုတ်တယ်လို့တော့ကြားတယ် ၃ ရက်အတွင်း ဖယ်ပေးဖို့တော့ပြောထားတယ်၊ ကျနော်တို့ ဆန္ဒထုတ်ဖော်ဖို့အတွက်က ၁၉ ရက်နေ့ကို ကျနော်တို့ ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားပါတယ်ခင်ဗျ၊ နောက်ဆုံးမှာ ကျနော်တို့ဟာ စာကမနေ့ကမှရောက်လာတာ ရက်စွဲက ၁၁ နေ့ရက်စွဲဖြစ်နေတယ်၊ ၁၁ ရက်နေ့ ရက်စွဲကိုအတည်ယူမလား မနေ့က စာချတဲ့ရက်ကို အတည်ယူမလားဆိုတာတော့ ခက်နေပါတယ်၊ အခုကတော့ မနေ့က စာချတဲ့ရက်ကိုပဲ အတည်ယူမယ်လို့ထင်ပါတယ်"
ကျုးကျော်နေအိမ်တွေ ၃ ရက်အတွင်း မဖယ်ပေးရင် ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမယ်လို့လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက ထုတ်တဲ့ကြေညာချက်မှာ ပါရှိပါတယ်။
အဲ့ဒီနေရာတွေဟာ အိုးအိမ်ဦးစီးဌာနပိုင်မြေ၊ အစိုးရဌာနဆိုင်ရာပိုင်မြေ၊ သီလဝါ အထူးစီးပွားရေး ဇုန် မြေနဲ့ မြေလွတ်မြေရိုင်းတွေဖြစ်ပြီး ကျူးကျော်တဲတွေဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ပိုင်ရှင်ရှိတဲ့ မြေနေရာတွေမှာပါ ကျူးကျော်တဲအိမ်တွေ လာဆောက်ပြီး မြေနေရာအမျိုးအစားအလိုက် ကျပ် သုံးသောင်းကနေ ၅ သိန်းအထိ ဝယ်ရောင်းလုပ်နေကြတယ်လို့လည်း သိရပါတယ်။
မြေပိုင်ရှင်တွေဘက်ကလည်း သူတို့ပိုင်တဲ့မြေနေရာတွေမှာ အရေးပေါ် ခြံစည်းရိုးခတ်တာတွေ၊ တိုင်စိုက်ထူတာတွေ လုပ်နေသလို ကျူးကျော်တဲအိမ် ဆောက်သူတွေက တချို့မြေပိုင်ရှင်တွေကို အုပ်စုဖဲ့ွပြီး ရန်လုပ်တာတွေပါ ရှိနေတယ်လို့ ပြောကြပါတယ်။
