စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို ဩဂုတ် ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ကိုးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
မန္တလေးတိုင်း၊ တံတားဦးလေဆိပ်ကနေ ဒီလ ၁၁ ရက်နေ့က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဝက်လက်မြို့နယ် တလိုင်းရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတော်တစ်ပါး၊ ခုနှစ်လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ကျောင်းစုကျေးရွာ၊ ပယ်သူကြီးကျေးရွာ၊ ထန်းကြီးကျေးရွာ၊ ခက်ခကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းချိန်မှာ ပယ်သူကြီးကျေးရွာမှာ အသက် ၃ဝ အရွယ် မသန်စွမ်း အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့ရကြောင်း ပြောပါတယ်။
ထန်းကြီးရွာသား လေးဦးဖမ်းဆီးခံရပြီး နှစ်ယောက်က ပစ်သတ်ခံရကြောင်းနဲ့ တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားပြီး နောက်တစ်ဦးကတော့ အသက်ရှင်လျက်ရှိမရှိ မသိရဘူးလို့ ဆိုပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၃၉၃၃ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဩဂုတ် ၁၅ ရက်နေ့မှာ စာရင်းထုတ်ပြန်ထားပါတယ်။