ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ၊ လဂူးချောင်ရပ်ကွက် ၆က ပုဂ္ဂလိကကုမ္ပဏီ ၃ခုရဲ့ မြေစာစွန့်ပစ်မှုကြောင့် အိမ်ခြေ ၂၈လုံး အက်ကွဲပြိုကျတော့မယ့် အခြေအနေ ရင်ဆိုင်နေရတာကို အမြန်ဆုံးဖြေရှင်းပေးဖို့ လူဦးရေ ၄၀ လောက်က ဒီနေ့ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုကြပါတယ်။
ဝှေခါကျေးရွာမှာ ကျောက်စိမ်းမင်း၊ ကျောက်မျက်ရွှေပြည်၊ ကျာက်စိမ်းသစ်ရွက် စတဲ့ ကုမ္ပဏီ ၃ခုရဲ့ လုပ်ကွက်အနီးက လမ်းကိုပိတ်ဆို့ပြီး ဆန္ဒပြတောင်းဆိုနေကြတာပါ။
ဆန္ဒပြတောင်းဆိုရာမှာ ကုမ္ပဏီကြောင့် မြေပြိုမယ့် ဘေးအန္တရာယ် ရင်ဆိုင်နေရသူတွေအပေါ် တာဝန်ယူမှုမရှိတဲ့ ကုမ္ပဏီအလိုမရှိ၊ လျိုမြေချိုင့်ဝှမ်းမှာ စည်းကမ်းမဲ့မြေစာစွန့်တဲ့ ကုမ္ပဏီ အလိုမရှိ၊ မြေလှန်တူးဖော်တာ၊ စက်ယန္တရား အလွန်အကျွံသုံးပြီး တောင်ပြိုမိုင်းတွေ ခွဲတဲ့ကုမ္ပဏီ အလိုမရှိ စာသားပါ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်တောင်းဆို ခဲ့ကြတာပါ။
ဝှေခါကျေးရွာ၊ လဂူးချောင်ရပ်ကွက်(၆)မှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး အိမ်တွေအက်ကွဲလာကာ အခု ဆိုရင်ပြိုကျတော့မယ့် အနေအထားရောက်နေပြီလို့ ဆန္ဒပြသူတွေကပြောပါတယ်။
သက်ဆိုင်ရာအာဏာပိုင်အစိုးရ၊ ကုမ္ပဏီတွေအနေနဲ့ မိုးတွင်းမရောက်မီအမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးဖို့ လဂူးချောင်ရပ်ကွက်က ဒေါ်ယုဝတီစွာက ပြောပါတယ်။
အက်ကွဲပြိုကျတော့မယ့် အိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးဖို့ ကုမ္ပဏီနဲ့လူထုကြား သဘောတူထားပြီး သားဖြစ်တယ်လို့ သိရပါတယ်။
အခုဆန္ဒပြတောင်းဆိုသူတွေဟာ ဖားကန့်ဒေသခံတွေမဟုတ်ပဲ ပြောင်းရွှေ့နေထိုင်သူတွေသာ ဖြစ်တယ်လို့လည်း ဖားကန့်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဲဒီကုမ္ပဏီ ၃ခုကို RFA ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရပ်ကွက်(၆)၊ လဂူးချောင်ကျေးရွာမှာ မြေစာစွန့်ပစ်မှုတွေကြောင့် ၂၀၁၇ ခုနှစ်ကလည်း အိမ်တွေအက်ကွဲပြိုကျတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။
