ဖလမ်းမှာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က သြဂုတ်လ ၁၂ ရက် ဒီကနေ့ မနက်ပိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရမ်ထလိုရွာနဲ့ ဆွန်တလာရွာက အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ -၂၆၈ က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီကနေ့ ဆွန်တလာရွာထဲကိုကျပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီ့အပြင် ရမ်ထလိုရွာကိုလည်း ဒီနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီဂျက်တိုက် လေယာဉ်တစ်စင်းက လာရောက်ဗုံးကြဲခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အမျိုးသမီးလေးဦး နဲ့ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က RFA ကို ပြောပါတယ်။

"၁၁ နာရီဝန်းကျင်လောက်က ဖြစ်ပါတယ်။ ဂျက်ဖိုက်တာ တစ်စင်းနဲ့ လာကြဲတာ။ မိန်းကလေး လေးယောက်ဗျ၊ ယောက်ျားလေး သုံးယောက် အားလုံးပေါင်း ခုနစ်ယောက် ပေါ့။ ထိခိုက်ဒဏ်ရာကတော့ မစိုးရိမ်ရ ပုံစံမျိုးပဲ"

ရမ်ထလိုရွာမှာရှိတဲ့ ရမ်ထလို နှစ်ခြင်းအသင်းတော်ဘုရားကျောင်းနဲ့ နေအိမ်တချို့လည်း ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဩဂုတ်လ ၁၂ ရက် ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ခလရ-၂၆၈ ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်ကလည်း ဗားရ်တံတားအနီးက စစ်ကောင်စီစခန်းအသိမ်းခံရ ပြီးနောက် ရမ်ထလိုရွာအပါအဝင် ဝေဘူလမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။