ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ဩဂုတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေက ကျောင်းသား အပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးနဲ့ သက်ကြီးပိုင်း အပါအဝင် သုံးဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ဗဟိုက ဩဂုတ် ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်ပိုင်စိုးသူနဲ့ အသက် ၃၇ နှစ်အရွယ် ဒေါ်သီတာအေးတို့ နှစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ခြောက်နှစ်အရွယ် ချစ်ဖုန်းသွယ်၊ အသက် ၃၉ နှစ်အရွယ် မဇင်မာဝင်းနဲ့ အသက် ၇၁ နှစ်အရွယ် ဦးတင်ဦးတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဩဂုတ် ၃ ရက် မနေ့ မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ် ခမရ ၂၇၄ က ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ သမင်အင်းကုန်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ် အရွယ် ဒသမတန်းကျောင်းသား မောင်ပိုင်စိုးသူမှာ ဦးခေါင်းထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ် ၂ ရက် မွန်းလွဲ ၃ နာရီခွဲကျော်လောက်မှာလည်း မုန်းမြို့နယ် စစ်ကောင်စီတပ် ခမရ- ၅၉၉ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ မွေတွင်းရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့ တဲ့အတွက် အသက် ၃၇ နှစ်အရွယ် ဒေါ်သီတာအေး နေရာမှာပဲ သေဆုံးသွားခဲ့တာလို့လည် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ သုံးဦးကတော့ သူ့ရဲ့ မိသားစုဝင် တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သူတို့ထိန်းချုပ်ရာ နယ်မြေအတွင်းက ကျေးရွာတွေကို စစ်ကောင်စီဘက်က ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ရှိနေသလို ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ရက်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ် နေတဲ့အတွက် ကျေးရွာ ၄၁ ရွာက ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ KNU က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။