စစ်ဘေးဒုက္ခသည် စခန်းအတွင်းကို ကျရောက်ခဲ့တဲ့ လက်နက်ကြီး ကျည်ဆံတစ်ခုကို ရှင်းလင်းပေးစေလို
ကချင်ပြည်နယ် ချီဖွေမြို့နယ်က လော်ဝေါ် နှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်းအတွင်းကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို အမြန်ဆုံး ရှင်းလင်းပေးစေလိုတယ်လို့ စခန်းမှာနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။
-
2019-01-17 -
-
-
ကချင်ပြည်နယ် ချီဖွေမြို့နယ်က လော်ဝေါ် နှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်းအတွင်းကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို အမြန်ဆုံး ရှင်းလင်းပေးစေလိုတယ်လို့ စခန်းမှာနေထိုင်တဲ့ ဒေသခံတွေ ကပြောပါတယ်။
အဲဒီလက်နက်ကျည်ဆံဟာ နိုဝင်ဘာ ၂၅ ရက်နေ့ညက ဒုက္ခသည်စခန်းက အခန်းတစ်ခုရဲ့ရှေ့ကို ကျရောက်ခဲ့ တာဖြစ်ပြီး အဲဒီအချိန်က မပေါက်ကွဲခဲ့ပေမယ့် တချိန်ချိန်မှာ ဖိအားတစ်ခုခုကြောင့် ပေါက်ကွဲလာနိုင်တဲ့တွက် အမြန်ဆုံး ရှင်းလင်းပေးစေလိုတယ်လို့ စခန်းတာဝန်ခံ ဦးဒေတန်ဇေဒိုင် က RFA ကို ပြောပါတယ်။
လက်ရှိမှာ အဲဒီလက်နက်ကျည်ဆံကို တပ်မတော်ဘက်က ဆားတွေလာထည့်ထားပေးပြီး ကလေးတွေ မကိုင်တွယ်နိုင်အောင် သွပ်နဲ့ကာထားပေမဲ့ ပေါက်ကွဲလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
အဲဒီလက်နက်ဟာ ၆၀ မမ သို့မဟုတ် ၁၀၅ မမ ကျည်ဖြစ်တယ်လို့ ယူဆရပြီး KIA နဲ့ တပ်မတော်တို့ တိုက်ပွဲအတွင်း ဘယ်အဖွဲ့ဘက်က ပစ်တယ်ဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတွေကပြောပါတယ်။
တဆက်တည်းမှာပဲ ကချင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ချီဖွေ မြို့နယ်အတွင်းမှာ အဲဒီလို လက်နက်ကျည်ကျတာ ၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
လော်ဝေါ် နှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၀၅ ခု ၊ လူဦးရေ ၈၅၃ ဦး၊ ကလေးနဲ့ လူငယ် ၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
ဒီစခန်းဟာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၁၂ ခုနှစ် ဧပြီလက မေခမြစ် အနောက်ဘက်၊ ချီဖွေမြို့နယ် မြောက်ဘက်ပိုင်း ကျေးရွာ၂၅ ခုက ထွက်ပြေး တိမ်းရှောင်လာ သူတွေဖြစ်ပါတယ်။
ဒီစခန်းက ဒုက္ခသည်တွေထဲမှာ ကလေး လူငယ် ၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။