မြန်မာစစ်တပ်ကို လက်နက်ကုန်သွယ်ခွင့် တားမြစ်ဖို့ ကုလလုံခြုံရေးကောင်စီကို တိုက်တွန်း
2022.05.12

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး မြန်မာစစ်တပ်အပေါ် လက်နက်ကုန်သွယ်ခွင့် တားမြစ်တဲ့ အမိန့်တစ်ရပ်ကို ချမှတ်ဖို့ Fortify Rights အဖွဲ့က မေ ၁၂ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီ့အပြင် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကို လွှဲပြောင်းပေးမယ့် အားလုံး လိုက်နာဖို့ လိုအပ်တဲ့ ဖြေရှင်းချက်တစ်ရပ်ကိုလည်း ချမှတ်သင့်တယ်လို့လည်း Fortify Rights က ပြောပါတယ်။
အာဆီယံဟာ မြန်မာစစ်တပ်နဲ့ ဘုံသဘောတူညီချက် ငါးရပ် ရရှိခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် လုံခြုံရေးကောင်စီအနေနဲ့ အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိသလို မြန်မာစစ်တပ်ဆီ စီးဝင်နေတဲ့ ငွေကြေးနဲ့ လက်နက်တွေကို ရပ်တန့်ဖို့ လုံခြုံရေးကောင်စီဟာ လုပ်ပိုင်ခွင့်ရှိတဲ့ အဓိက နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တယ်လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။
အခုဆိုရင် မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက်၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာလရှည် ခြိမ်းခြောက်နေတယ်လို့ Fortify Rights က ဝေဖန်ပါတယ်။