မိုးသည်းထန်ပြီး ရေကြီးတာနဲ့မြေပြိုတာတွေ ထပ်ဖြစ်နိုင်ကြောင်း စစ်ကောင်စီ သတိပေး
2024.09.23
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ကြောင်းနဲ့ အဲဒီအရှိန်ကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တာ၊ ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်ကြောင်း စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၃ ရက်နေ့ည ၇ နာရီမှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ညကနေ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှတော့နေရာစိပ်စိပ် မိုးထစ်ချုန်းရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေဖြစ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။
မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ် သတိပြုဖို့နဲ့ မြစ်၊ ချောင်းအနီး နေထိုင်သူတွေ ရေကြီး၊ ရေလျှံတာတွေကို သတိပြုရှောင်ရှားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
စက်တင်ဘာလအတွင်းဖြစ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၈၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၈၉ ဦးရှိပြီး လူတစ်သိန်းခွဲနီးပါး (၁၄၈,၆၄၃) ရေဘေးဒဏ်ခံနေရတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောထားပါတယ်။