သမ္မတ ဦးထင်ကျော်ကို မြေသိမ်းခံ ဒုက္ခသည်တွေ ကြိုဆို

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာသူ ကျေးရွာသားတွေက ဒီနေ့ ဂုဏ်ပြု ကြိုဆိုပွဲ ကျင်းပကြပါတယ်။

ဦးထင်ကျော်ဟာ အရပ်သားဖြစ်တာကြောင့် ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်မယ်လို့ ယုံကြည်ကြောင်း ပျဉ်းမပင် ကျေးရွာသူ ဒေါ်ကျစ်ကျစ်က ပြောပါတယ်။

"အခုတက်လာတဲ့ အရပ်သားသမ္မတပေါ့နော် ဦးထင်ကျော် ကို ယုံကြည်တယ်ပေါ့နော်၊ သူက ပြည်သူတွေထဲက တက်လာတာမို့လို့ အမတို့နဲ့ တသွေးတသားထဲပေါ့နော်၊ တထပ်တည်းဖြစ်မယ်လို့လည်း ယုံကြည်တယ်ပေ့ါနော်၊ အမေစုအပေါ် ယုံကြည်သလို အမေစုပါတီထဲက လူတွေအားလုံးကိုလည်း ယုံကြည်ပါတယ်၊ အမေစုလိုပဲ ဖြစ်မယ်လို့ထင်ပါတယ်"

ပျဉ်းမပင်ကျေးရွာက လူဦးရေ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က သူတို့နေအိမ်တွေ ဖျက်ဆီး ခံရတာကြောင့် Myanmar Posco စက်ရုံ အနီးမှာ တဲထိုးနေထိုင်နေကြတာဖြစ်ပါတယ်။

ဦးထင်ကျော် ကို ဂုဏ်ပြုကြိုဆိုတဲ့ ပွဲတွေကို မနေ့က ကွမ်းခြံကုန်းမြို့မှာ ကျင်းပခဲ့ပြီး ပုသိမ်မြို့မှာလည်း ဒီနေ့ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒေသခံတွေက ဂုဏ်ပြုပွဲ ကျင်းပခဲ့ပါတယ်။