ဝက်လက် လေကြောင်းတိုက်ခိုက်မှု ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပေါက်ကန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၃ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦးဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်ရဲ့ ရွာတွေအတွင်း ဝင်ရောက်စီးနင်းမှု ကြောင့် မနေ့ကတစ်ရက်တည်းမှာတင် ဝက်လက်မြို့နယ်က အရပ်သား တစ်သောင်း နီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ပေါက်ကန်ရွာကို မနေ့က ညနေ ၃ နာရီ ၄၀ မိနစ်မှာ ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပေါက်ကန်ဘက်က အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး ထိတယ်။ အကုန်လုံးကတော့ အသက် ၅၀ ကျော်၊ ၄၅ အရွယ်တွေပေါ့။ ပြည်သူတွေက နောက်ထပ် ထပ်ပစ်ခံရမှာစိုးလို့ ရွာထဲကို ပြန်မကပ်ရဲသေးဘဲ တိမ်းရှောင်နေရတာ"

လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကန်ရွာ အပါအဝင် အနီးနားရွာတွေက အရပ်သား ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဧရာဝတီမြစ်ကမ်းနံဘေးက ငါးပန်ချောင်းရွာကိုလည်း ဩဂုတ်လ ၁၃ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစီးနင်းမှုကြောင့် ငါးပန်ချောင်းရွာ အပါအဝင် အနီးနား ရွာပေါင်း ၁၀ ရွာနီးပါးက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ ငါးပန်ချောင်းရွာက အိမ်ခြေ ၁၃၀ ကျော်ကို ဇွန်လ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သားခုနစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။