ဝက်လက်မြို့နယ် ကျီးကန် (မြောက်) ရွာက ဒေသခံ လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန် (မြောက်) ရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၆ ရက် မနေ့မနက် ၆ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းခေါ်သွားတဲ့ ဒေသခံ ခြောက်ဦးထဲက လေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၀ အရွယ် မရွှေမန်းသူ၊ မရွှေမန်းသူရဲ့ အဖေဖြစ်သူ အသက် ၅၀ အရွယ် ဦးတင်စန်း၊ အသက် ၅၆ နှစ်အရွယ် ဦးဟန်ရွှေ၊ ကျီးကန် (တောင်) ရွာက အသက် ၃၅ နှစ်အရွယ် ကိုနိုင်လင်းတို့ဖြစ်ပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျီးကန် (မြောက်) ရွာကို လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရန်ကိုကြောက်လို့ ရွာဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေတဲ့ ဒေသခံ ၃၅ ဦးကို စစ်ကောင်စီတပ်က တွေ့ရှိသွားပြီး အဲဒီထဲက ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူထဲက နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် လေးဦးကိုတော့ မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်မှာ သတ်ဖြတ်ခဲ့တယ်လို့ ရုပ်အလောင်းတွေကို မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖမ်းသွားရာမှာ ကျီးကန် (မြောက်) ရွာနဲ့ လှတောရွာကြားမှာရှိတဲ့ သရက်ခြံတစ်ခုမှာ ဖမ်းထားတဲ့သူ အကုန်လုံးထဲက အသက် ၂၀ အရွယ် အမျိုးသမီးဖြစ်တဲ့ မရွှေမန်းသူကို အတင်းအဓမ္မပြုကျင့်ပြီးတော့မှ စုစုပေါင်း လေးယောက်စလုံးကို သတ်သွားတယ်”

အဲဒီထဲက အမျိုးသမီးဟာ စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မကျင့်သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ကျီးကန် (မြောက်) ရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်ကြောင်းဟာ မနေ့က PDF လေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရေးသားနေပါတယ်။

ဒေသခံတွေကတော့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။

ဩဂုတ်လ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာတော့ သတ်ဖြတ်ခံရသူ လေးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ သင်္ဂြိုဟ်ပေးလိုက်ပြီလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

ကျီးကန် (မြောက်) ရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေဆီက ပိုက်ဆံ၊ ရွှေထည်ပစ္စည်းနဲ့ ဖုန်းတွေပါ လုယက်ယူဆောင်သွားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ပြန်မထွက်ခင် ပြည်သူပိုင်တဲ့ ကားပေါ်မှာတင်ထားတဲ့ ပိုက်ဆံ သိန်း ငါးရာနဲ့ ၁၅ သိန်း သူတို့ သော့ဖွင့်ပြီး ယူသွားတယ်။ နောက်တစ်ဦးက ပြည်သူပိုင် ပိုက်ဆံ လေးသိန်းနဲ့ ဆွဲကြိုး တစ်ကုံးပါသွားတယ်။ ဖုန်းအလုံး နှစ်ဆယ်ထက်မနည်း ပါသွားတယ်”

ဒီတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ကျီးကန် (မြောက်) အပါအဝင် အနီးအနားက ကျီးကန် (တောင်)၊ အုတ်ဖို၊ ဥတည်ကုန်း၊ မဲကုန်း၊ လှတော စတဲ့ရွာတွေက အရပ်သား ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဩဂုတ်လ ၂၇ ရက် ဒီနေ့ အထိရွာထဲ ပြန်မဝင်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျီးကန် (မြောက်) ရွာ နဲ့ ကျီးကန် (တောင်) ရွာကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်ကလည်း စီးနင်းဝင်ရောက်ခဲ့ပြီး နေအိမ် ၁၈၀ နီးပါးနဲ့ ကျီးကန် (တောင်) ရွာက နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။