လက်ပတ်ဖြူလှုပ်ရှားမှု ရန်ကုန်မှာစတင်

လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ လက်ပတ်ဖြူလှုပ်ရှားမှုကို ရန်ကုန်မြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စတင်လိုက် ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုကို အကြမ်းဖက်ဖြိုခွင်းတာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ် စွာဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်ရာရောက်တဲ့အတွက် အခုလိုကန့်ကွက် လှုံ့ဆော်ကြတာဖြစ်တယ်လို့ လက်ပတ်ဖြူလှုပ်ရှားမှုမှာပါဝင်တဲ့ ကိုညီမိုးဆွေက ပြော ပါတယ်။

"မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဆန္ဒတဲ့ပြည်သူတွေကို တစ်ကြိမ်၊ ၁ဝ ရက်က ကျောင်းသားတွေကို တစ်ကြိမ်၊ ၂ ကြိမ် ကျောင်းသားဖြိုခွဲမှုကို ကျနော်တို့က ဆန့်ကျင်တဲ့ သဘောလည်းပါတယ်၊ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်တဲ့ဟာကို ဆန့်ကျင်တဲ့သဘောလည်းပါတယ် အဲ့အတွက်လုပ်ရတာပါ၊ လက်မောင်းမှာပါတာ ကတော့ "We are Student, Respect Our Right" ပြည်သူတွေအားလုံးက ကျောင်းသားတွေဘက်မှာ ရပ်တည်တယ်၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကိုလည်း ကျနော်တို့ကာကွယ်နေတယ်ဆို တဲ့ သဘောကို သက်ရောက်ပါတယ်ခင်ဗျ၊ ကျောင်းသားတွေအပေါ်မှာ အကြမ်းဖက်တာကို လက်မခံဘူး ၊ နောက် ကျနော်တို့အခွင့်အရေးတွေကို ပိတ်ပင်နေတာတွေကို လက်မခံပါဘူး၊ အဲ့ဒါကို ပြည်သူတွေ အနေနဲ့ ပြနိုင်မယ်လို့ ယုံကြည်တယ်"

ဒီနေ့ စတင်တဲ့ လက်ပတ်ဖြူလှုပ်ရှားမှုမှာ လူငယ် ၅ဝ ကျော်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၊ ရန်ကုန် ဘူတာကြီး၊ သဘောၤဆိပ်၊ ရွှေဂုံတိုင်၊ လှည်းတန်းစတဲ့ လူစည်ကားတဲ့နေရာတွေမှာ "We are Student, Respect Our Right" "ငါတို့ဟာ ကျောင်းသူ ကျောင်းသားတွေဖြစ်တယ်၊ ငါတို့ အခွင့်အရေးကို လေးစားပါ" ဆိုတဲ့ စာသားပါလက်ပတ် အဖြူတွေကို စိတ်ပါဝင်စားသူတွေရဲ့ လက်မောင်းတွေမှာ လူငယ်တွေက လိုက်လံစည်းပေးတာဖြစ်ပါတယ်။