ဝှိုက်ကဒ်ကိုင်ဆောင်သူတွေ မဲပေးခဲ့ကြောင်းတိုင်ကြားချက် အပေါ် စစ်ဆေးတင်ပြ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ကျေးရွာ ၁၅ ရွာမှာ နိုင်ငံသား မဖြစ်သေးတဲ့ ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ် ဆိုပြီး တိုင်ကြားထားတဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးပြီး တေ့ွရှိချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနေ့က တင်ပြလိုက်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သံတွဲမြို့နယ်အတွင်းက လူပေါင်း ၄၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ သံတွဲခရိုင်ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးခင်ရွှေက ပြောပါတယ်။

"အားလုံး ၄၁ ယောက်လောက်ရှိပါတယ်၊ နံပါတ် ၁ ကတော့ တိုင်ထားတဲ့ပုဂ္ဂိုလ်ပေါ့၊ နံပါတ် ၂ ကတော့ သက်ဆိုင်တဲ့နိုင်ငံသားစိစစ်ရေးအဖွဲ့၊ ရပ်ကျေးကော်မရှင်၊ အဲ့ပုဂ္ဂိုလ်တွေကို အဓိကထားစစ်ပါတယ်၊ သူတို့နဲ့ ပတ်သက်တာတွေကိုစစ်ဆေးတယ်၊ ကော်မတီကနေပြီးတော့ လုပ်ထုံးလုပ်နည်းတိုင်းဆောင်ရွက်သွားတာပေါ့၊ အဲ့လောက်ပါပဲ "

ရွေးကောက်ပွဲမှာ ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုပြီး သံတွဲမြို့မှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၄ ရက်နေ့က လူ ၂၀၀၀ လောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီကိစ္စအပေါ် အရေးယူပေးဖို့ ဒေသခံ ၆ ထောင်ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တင်ပြခဲ့ကြတာဖြစ် ပါတယ်။

အဲဒီတိုင်ကြားမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကနေစပြီး သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုရလဒ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မှာဖြစ်တဲ့ အတွက် လောလောဆယ် တစ်စုံတရာ ထုတ်ဖော်ပြော ဆိုလို့ မရသေးဘူးလို့ သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးခင်ရွှေက ပြောပါတယ်။