မြန်မာ နျူကလီးယားအစီအစဉ်သံသယ WikiLeaks ဖော်ပြ

မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တခု လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက ၂၀၀၄ ခုနှစ်လောက်တည်းက သံသယ ရှိနေကြောင်း WikiLeaks အဖွဲ့က ဖြန့်ဝေလိုက်တဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွေအရ သိရပါတယ်။

2010.12.10
chinese_web_305_z.jpg မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)
(Image: RFA)

ရန်ကုန်မြို့က အမေရိကန်သံရုံးရဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လ ရက်စွဲနဲ့ လျှို့ဝှက် ကြေးနန်းစာတွေကို WikiLeaks အဖွဲ့က ဒီဇင်ဘာ ၉ ရက် မနေ့က အင်တာနက် စာမျက်နှာတွေမှာ ပေါက်ကြား ဖော်ပြခဲ့တာပါ။

အဲဒီ ကြေးနန်းစာတွေမှာ အမည်မဖော်တဲ့ သတင်းပေးပို့သူတဦးကို ကိုးကားပြီး ရေးသားထားရာမှာ မြန်မာနိုင်ငံရဲ့ မြေအောက်လုပ်ငန်းခွင်တခုမှာ မြောက်ကိုရီးယားနိုင်ငံသား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေတာတွေကို သူ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမြောက်ကိုရီးယားတွေဟာ မြန်မာအလုပ်သမားတွေရဲ့ အကူအညီနဲ့ တောင်တတောင်ရဲ့ ဘေးဖက် အဝင်ဝ လိုင်ခေါင်းကနေ တောင်ထိပ်အထိ ပေ ၅၀၀ အမြင့်ရှိမဲ့ အားဖြည့်ကွန်ကရစ် အသုံးပြုတဲ့ မြေအောက် အဆောက်အအုံတခု ဆောက်လုပ်နေကြတယ်လို့ အဲဒီလျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲဒီမြောက်ကိုရီးယားတွေဟာ ဘယ်နိုင်ငံက လာတယ်လို့ မသိရတဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို တပ်ဆင်နေကြတယ်လို့ သတင်းပေးသူက ဆိုကြောင်းနဲ့ ဒီ သတင်းအချက်အလက် တခုတည်းနဲ့တော့ မြောက်ကိုရီးယား စစ်တပ်တတပ် မြန်မာစစ်အစိုးရနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သက်သေအထောက်အထား အဖြစ် ယူဆလို့ မရကြောင်း အဲဒီလျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။