ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ လူ ၃၅ ယောက်ထက်မနည်း အစုလိုက် အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို သက်သေအထောက်အထားတွေနဲ့အတူ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ တင်ပြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က လူအစုလိုက်၊ အပြုံလိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) တို့ရဲ့ ဇန်နဝါရီ ၃ ရက် ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောလိုက်တာပါ။
အဲဒီဖြစ်စဉ်မှာ နယ်ခြားစောင့်တပ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့က မီးရှို့မခံရတဲ့ ရုပ်အလောင်း လေးခု၊ မီးရှို့ခံရပြီး သယ်လို့ရတဲ့ ရုပ်အလောင်း ၃၁ ခု စုစုပေါင်း ရုပ်အလောင်း ၃၅ ခု အပြင် သယ်လို့မရဘဲ ပြာအဖြစ်သာကျန်တဲ့ ရုပ်အလောင်းတွေလည်း ရှိသေးတယ်လို့ CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။
မီးရှို့သတ်ဖြတ်ခံရတဲ့အထဲမှာ Save the children က ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ Save the children က ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်နဲ့ တစ်ချိန်တည်းမှာပဲ ဒေသခံအရပ်သား အမျိုးသား ၄၀ ဦး နဲ့ အမျိုးသမီး နှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ KSP က ပြောပါတယ်။
ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ (၅၃၁) နဲ့ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ KSP က အခိုင်အမာ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုဆိုရွာအနီး အစုလိုက်၊ အပြုံလိုက် သေဆုံးမှုဖြစ်စဉ်ဟာ ကွိုင်ငံရွာဟောင်းဘက်က မူဆိုရွာဘက်ကို မသင်္ကာဖွယ် မောင်းနှင်လာတဲ့ ကား ခုနစ်စီးပေါ်ကနေ KNPP နဲ့ PDF တွေက လက်နက်ငယ် တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင်ပစ်ခတ်ခဲ့လို့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က အဲ့ဒီလိုထုတ်ပြန်ပေမယ့် မီးလောင်ကျွမ်းခံရတဲ့ ရုပ်အလောင်းတွေထဲမှာ လက်ပြန် ကြိုးတုပ်ခံထားရတဲ့ ရုပ်အလောင်းတွေပါသလို၊ ပါးစပ်ကို အဝတ်ဆို့ခံထားရတဲ့ ရုပ်အလောင်းတွေလည်း ပါဝင်တယ်လို့ KSP က အထောက်အထားတွေနဲ့တကွ သတင်းမီဒီယာတွေကို ရှင်းလင်းထားပါတယ်။