“ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ထူထောင်မည်

သတင်းစာဆရာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ လွတ်မြောက် လာပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီဖို့ “ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ကို ပြည်တွင်း သတင်းစာဆရာတွေ ကမကထပြုပြီး ထူထောင်မယ်လို့ သိရပါတယ်။

2011.12.17
aapp-wintin-305 နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရုံးအတွင်း ချိတ်ဆွဲထားသော ပုံ ဖြစ်ပါသည်။
RFA

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ နာယကတွေအဖြစ် စာရေးဆရာကြီး ဒဂုန်တာရာ၊ သခင်သိန်းမောင် (ဝါးခယ်မ)နဲ့ ကြေးမုံဦးသော် တို့က ဆောင်ရွက်မယ်လို့ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်တဲ့စာရေးဆရာ မောင်ဝံသက ပြောပါတယ်။

အဲဒီ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးကော်မတီမှာ ပါဝင်တဲ့ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူက ဖောင်ဒေးရှင်းထောင်ဖို့ စီစဉ်လိုက်တဲ့အခါ ပြည်တွင်း ပြည်ပက အလှူရှင်များ ပေါ်လာကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။

“နံပါတ်တစ်ကတော့ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုများပေါ့။ နောက်တခု ဦးဝင်းတင် ပြောတာတော့ စာပေ၊ ရုပ်ရှင်နဲ့ စာနယ်ဇင်းနယ်က ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တွေကို ထောက်ပံ့ကူညီဖို့ပေါ့။ ဦးဝင်းတင်ကတော့ တပြားမှ ရှိတာမဟုတ်ဘူး၊ ကိုဝံသက အဲဒီလို ဖောင်ဒေးရှင်းတခု ထောင်မယ်ဆိုပြီး လုပ်လိုက်တော့ နိုင်ငံခြားက စပြီး လှူတန်းမယ့်ပုဂ္ဂိုလ်တွေ ပေါ်လာတာပေါ့ဗျာ။ ပြည်တွင်းကလည်း ပေါ်တာပေါ့”

သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ပြန်လည် လှူဒါန်းနေတဲ့အတွက် အခုလို ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ် ပိုကျမယ်လို့ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကြောင့် ထောင်ဒဏ် အနှစ် ၂ဝ နီးပါး ကျခံခဲ့ရပြီး ၂ဝဝ၈ ခုမှာ လွတ်မြောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။