မန္တလေးတိုင်း ၆ မြို့နယ်မှာ လေပြင်းဒဏ် ကြိုတင်ကာကွယ်
2017.03.09
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ပေါင်လောင်ကြီးကျေးရွာ ခတက္ကကုန်းကျေးရွာနဲ့ ကျားကာကျေးရွာ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြစဉ်
မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရင် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေဖို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၆ မြို့နယ်မှာ ကြိုတင်ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။
မိုးသီးဒဏ် လေပြင်းဒဏ်ခံနိုင်တာမျိုးရှိမရှိ စစ်တမ်းကောက်ယူပြီး ဆင်းရဲနွမ်းပါးတဲ့ အိမ်တွေမှာ အမိုးမလုံတာတွေကို အမိုးမိုးပေးတာ၊ ပြုပြင်ပေးတာတွေကို မန္တလေးတိုင်းဒေသကြီးတွင်းက မြင်းခြံ၊ မြစ်သား၊ကျောက်ဆည်၊ ရမည်းသင်း၊ ဝမ်းတွင်း၊ စဉ့်ကိုင် စတဲ့ ၆ မြို့နယ်မှာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွဋ်ဆွေ ကပြောပါတယ်။
"မန္တလေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၅ နှစ်က အဖြစ်များတဲ့ မြို့နယ် ၆ မြို့နယ်ကို ရွေးထုတ်လိုက်တယ်၊ လေပြင်း တိုက်လာပြီ အမိုးတွေလန် မိုးသီးတွေကြွေလို့ လူတွေ တိရိစ္ဆာန်တွေ သေကြေမှုက လျော့ပါးအောင် ကြိုတင်ပြင် ဆင်မှုတွေ စလုပ်နေပြီ၊ မြင်းခြံမှာ အမိုးမိုးတာပြီးသွားပြီ၊ မြစ်သားမှာမနက်ဖြန်စပါမယ်"
ဒီလကုန်မှာအပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ပြည်ထောင်စုက ချပေးထားတဲ့ ဘတ်ဂျတ် ကျပ်သိန်းပေါင်း ၃၈၀ အသုံးပြုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လေပြင်းဒဏ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လိုက်လံဆောင်ရွက်နေတယ်လို့ ဦးသန်းထွဋ်ဆွေ ကပြောပါတယ်။
မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်အဆောက်အဦး ကြံ့ခိုင်မှုကို စစ်ဆေးဖို့၊ အိမ်အနီးကျိုးကျနိုင်တဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းထားဖို့၊ လေပြင်းတိုက် ခတ်တာ မိုးကြိုးပစ်တာ မိုးသီးကြွေတာတွေ ဖြစ်လာရင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်တာတွေကို အတတ်နိုင် ဆုံးရှောင်ရှားဖို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လကုန်က စပြီး အသိပေးကြေညာထားပါတယ်။









