အာဏာသိမ်းကာလအတွင်း အမျိုးသမီး တစ်ထောင်ကျော် သတ်ဖြတ်ခံရ

RFA Burmese
2024.09.01
အာဏာသိမ်းကာလအတွင်း အမျိုးသမီး တစ်ထောင်ကျော် သတ်ဖြတ်ခံရ မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည့် ဒေသခံတစ်ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၁၃၂ ဦးသတ်ဖြတ်ခံရပြီး ငါးထောင်ကျော် (၅၆၄၉ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က “နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ” ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရပြီးနောက် အကျဥ်းထောင်၊ ရဲစခန်းနဲ့ စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေဟာ အကျဥ်းထောင်နဲ့ စစ်ကြောရေးတွေမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့(WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက RFA ကို ပြောပါတယ်။

“လက်ရှိမှာဆိုရင် အကျဥ်းထောင်ထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်တွေနဲ့ ကြုံနေရတာတွေလည်းရှိနေတယ်။ စစ်ကြောရေးမှာဆိုရင်လည်း အမျိုးသမီး အင်္ဂါကိုကအစ နံပါတ်တုတ်နဲ့ ရိုက်တာတွေ၊ အမျိုးသမီးရဲ့ ဦးခေါင်းပိုင်းနဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းကို ရစရာမရှိအောင် တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ခေါင်းကြေတဲ့အထိ ရိုက်ခံရလို့ ထောင်းတွင်းဆေးရုံမှာ ကုသခံနေရတဲ့သူတွေလည်း ရှိတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမသိ၊ သူမသိနဲ့ သေသွားတဲ့သူတွေလည်း ရှိတယ်။ တရားသော စစ်နိုင်သွားတဲ့အခါ ပြုလုပ်တဲ့သူကို ထိထိရောက်ရောက် အရေးယူရမယ်။ ကျဆုံးသွားတဲ့ သူတွေကိုလည်း မေ့ပျောက်မသွားဖို့လိုတယ်”

အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်း ပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို ဆိုးဆိုးရွားရွား ရင်ဆုံကြုံတွေ့ရပေမဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ နောက်မဆုတ်တမ်း ရဲရဲဝံ့ဝံ့ပါဝင်ခဲ့တဲ့အပေါ် ဂုဏ်ပြုအသိအမှတ်ပြုကြောင်း AAPP ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ အခုလို ကျူးလွန်မှုတွေကို အရေးယူနိုင်ပေးဖို့အတွက် နိုင်ငံတကာကို တိုက်တွန်းကြောင်း AAPP က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

AAPP ရဲ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၅၈၈ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။