ဗီဇာအတုနဲ့ မလေးရှား အလုပ်သမားပို့တဲ့ အေဂျင်စီ ၁၂ ခုကို အာဏာပိုင်တွေ ဖမ်းဆီး

မြန်မာနိုင်ငံကနေ အလုပ်သမား လူငယ်တွေကို မလေးရှား ပြည်ဝင်ခွင့် ဗီဇာအတုလုပ်ပြီး မလေးရှား နိုင်ငံကို ပို့နေတယ်ဆိုတဲ့ စွဲချက်နဲ့ အလုပ်သမား ပို့ပေးတဲ့ ရန်ကုန် အေဂျင်စီ ၁၂ ခုက တာဝန်ရှိသူ တွေကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

2011.01.20

ဒါ့အပြင် ယုဇနပလာဇာက မလေးရှား ဗီဇာအတုလုပ်တဲ့ ဂိုဏ်းကိုလည်း ဖမ်းဆီးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဖမ်းခံရတဲ့အလုပ်သမား အေဂျင်စီတွေထဲမှာ ဗိုလ်အောင်ကျော်လမ်းနဲ့လမ်း ၄၀ မှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ ရတနာရွှေမိုး၊ ပွင့်ဖူးဝေနဲ့ ဝင်းကုမ္ပဏီတွေ ပါဝင်ပါတယ်။

နောက်ထပ်လည်း ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ရဲတွေက အလုပ်သမား ပွဲစားတွေကို လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈ဝ ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဗီဇာအပါအဝင် စာရွက်စာတမ်း အတုတွေနဲ့ စစ်ဆေး တွေ့ရှိတဲ့အတွက် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ်လိုက် အပြီးမှာ အခုလို သူတို့ကို စေလွတ်တဲ့ အလုပ်သမား အေဂျင်စီတွေကို အာဏာပိုင်တွေက ဖမ်းဆီးတာ ဖြစ်ပါတယ်။

စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ စားဝတ်နေရေး ကြပ်တည်း လာတဲ့အတွက် အညာနဲ့ကျေးလက်က လူငယ်တွေက အိမ်နဲ့လယ်ယာကျွဲနွားတွေကိုရောင်းချ၊ အခုလို အလုပ်သမား အေဂျင်စီ တွေကို ငွေပေးပြီး မလေးရှားကို လာဖို့ကြိုးစားနေကြတာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၁၆ ယောက်ကို လူကုန်ကူးမှုနဲ့ မလေးရှား စစ်သား နှစ်ယောက်ကို ဒီကနေ့ ရုံးတင်တရားစွဲဆို လိုက်ပါတယ်။

အဲဒီ မြန်မာနိုင်ငံသား ၁၆ ယောက်ထဲမှာ အသက် ၁၅ နှစ်ကနေ ၄၈ နှစ်ကြား အမျိုးသမီး လေးဦးပါဝင်တယ်လို့ သိရပြီး၊ မနှစ်က ဒီဇင်ဘာလအတွင်း ဒီလူကုန်ကူးမှု ဖြစ်ပွားခဲ့တာပါ။

အခုလို လူကုန်ကူးမှုနဲ့ တရားစွဲဆိုခံရတဲ့ စစ်သားနှစ်ဦး ကတော့ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း Kedah ပြည်နယ်က တပ်စခန်းတခုမှာ တာဝန် ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။

သူတို့အနေနဲ့ အပြစ်မရှိကြောင်း ဒီကနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ကြပေမယ့် တကယ်လို့ ပြစ်မှုထင်ရှားရင် ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရဖို့ ရှိပါတယ်။

တရားသူကြီးကတော့ အာမခံအဖြစ် တဦးကို ရင်းဂစ်ငွေ ၆၀၀၀ စီ သတ်မှတ်ထားပြီး လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တရားရုံးချိန်းဆင့်ခေါ်ထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-09-19 01:16

Don't forget to catch the name of agency Myanmar Thissar Aung , now still working in nearly 50th Street,RaKhine Association building.(Because I had been sold in malaysia by this agency)