မစ္စယန်ဟီးလီ ကရင်ဒုက္ခသည်စခန်းသွားမည်

ထိုင်းနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ထိုင်းနယ်စပ်က ကရင်ဒုက္ခသည်စခန်းကို သွားရောက်ဖို့ရှိတယ်လို့ ကရင်ဒုက္ခသည် ကော်မတီက ပြောလိုက်ပါတယ်။

၂ဝ၁၈ ဇွန်လ ၂၇ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ တင်သွင်းစဉ်။ UN Photo / Jean-Marc Ferré

ထိုင်းနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ထိုင်းနယ်စပ်က ကရင်ဒုက္ခသည်စခန်းကို သွားရောက်ဖို့ရှိတယ်လို့ ကရင်ဒုက္ခသည် ကော်မတီက ပြောလိုက်ပါတယ်။ ဒုက္ခသည်တွေဘက် သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို တင်ပြဖို့ စီစဉ်ထားတယ်လို့ RFA ကို ပြောပါတယ်။ RFA ဝိုင်းတော်သူမနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

မစ္စ Yanghee Lee ဟာ သူ့ရဲ့ ၁၁ ရက်ကြာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရီးစဉ်ကို မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့တာပါ။ ဒီခရီးစဉ်အတွင်း ထိုင်းနဲ့ ဘင်္ဂလာဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မစ် Yanghee Lee အနေနဲ့ လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကျရင်တော့ ထိုင်းနယ်စပ် တာခ့်ခရိုင်အတွင်းမှာရှိတဲ့ KRC ကရင်ဒုက္ခသည်ကော်မတီနဲ့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း မဲဆောက်မြို့ UN ရုံး တာဝန်ရှိသူတွေက ဒီကနေ့ လာရောက်ပြောဆိုခဲ့တယ်လို့ KRC ဥက္ကဌ ဦးရောဘတ်ထွေး က ပြောပါတယ်။

“မဲဆောက်မှာ ကျနော့်ကို ဒီနေ့ လာပြောပြတာပဲ။ ၁၇ ရက်နေ့မှာ သူတို့လာမယ်။ ဒီနေ့ ပြောပြတာတော့ ကျနော်တို့ KRC တွေမှာတော့ မိနစ် ၄၀ လောက် ကျနော်တို့နဲ့ တွေ့မယ်။ ပြီးရင် မယ်လဒုက္ခသည်စခန်းမှာ ၁ နာရီလောက် သူတို့သွားမယ်ပေါ့။ ဒီလောက်ပဲ သူတို့ ပြောတယ်။ ဘာအကြောင်းတွေ မေးမလဲ ပြောမလဲတော့ ကျနော် မသိသေးဘူး။”

KRC အနေနဲ့ကတော့ မစ္စ Yanghee Lee နဲ့ တွေ့ဆုံတဲ့အခါ ဒုက္ခသည်တွေ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြသွားဖို့ရှိတယ်လို့ KRC ဥက္ကဋ္ဌ ဦးရောဘတ်ထွေး က ပြောပါတယ်။

“ကျနော်တို့ တင်ပြမယ့်ဟာကတော့ သူတို့ ဒုက္ခသည်တွေကိုပေးနေတဲ့ဟာတွေ တော်တော်များများ လျှော့ချလိုက်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့မေးရင်လည်း ဒါတွေပဲ ကျနော်တို့ ပြောပြရမှာပဲ။ ကျနော်တို့ဘက်က တင်ပြရတာလည်း များနေပါပြီ။ တကယ်ပြန်ကြည့်ရင် ဘာမှလည်း မရဘူး။ ဆိုတော့ တင်ပြစရာလည်း သိပ်မရှိတော့ဘူးထင်ပါတယ်။”

ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်ထဲမှာတော့ - မစ္စ Yanghee Lee ဟာ ဇန်နဝါရီလ ၁၉ ရကနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေ အပြင် Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်မတိုင်ခင် မစ္စ Yanghee Lee အနေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ - မြန်မာအစိုးရက သူ့ကို ပြည်ဝင်ခွင့် ၂၀၁၇ ဒီဇင်ဘာလကတည်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ - မစ် Yanghee Lee က “မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ မျှော်လင့်နေဆဲဖြစ်သလို၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်ဖို့ ပေးအပ်ထားတဲ့ တာဝန်ကိုလည်း ဆက်ပြီး ဆောင်ရွက်သွားဖို့ သန္ဓိဌာန်ချထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးပြဿနာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လူတွေနဲ့ဆက်လက် တွေ့ဆုံသွားမယ်လို့” ပြောဆိုထားပါတယ်။

မြန်မာအစိုးရနိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးကတော့ - “မစ္စ Yanghee Lee ဘက်က ပြည်ဝင်ခွင့်ရဖို့ အဆိုပြုတာရှိပေမဲ့ မြန်မာအစိုးရကတော့ သူ့ကို ပြည်ဝင်ခွင့်လက်ခံထားခြင်း မရှိတဲ့အကြောင်း” RFA ကို ပြောပါ တယ်။

မစ္စ Yanghee Lee ဟာ ၂၀၁၇ ဇူလိုင်လက မြန်မာနိုင်ငံ ခရီးစဉ်အပြီး ကုလလူ့အခွင့်ရေးကောင်စီကို တင်သွင်းခဲ့တဲ့ သူရဲ့ အစီရင်ခံစာမှာ ဘက်လိုက်မှုတွေ ရှိခဲ့တဲ့အတွက် မြန်မာအစိုးရက သူ့ကို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တာဖြစ်ကြောင်း သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မစ္စ Yanghee Lee အနေနဲ့ ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုသာ သွားရောက်ပြီး အခြေအနေတွေကို မေးမြန်းစုံစမ်းထားတာဖြစ်ပါတယ်။ ၂၄ ရက်နေ့ သူ့ခရီးစဉ်အဆုံးသတ်မှာ တော့ ဒက္ကာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်တွေအတွင်း တွေ့ရှိချက်တွေကိုလည်း - မတ်လမှာ ကျင်းပမယ့် အကြိမ် ၄၀ မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြသွားမှာဖြစ်တယ်လို့လည်း သူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org