ရန်ကုန်မြို့မှာ ဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွား

ရန်ကုန်မြို့မှာ ၂၄ နာရီ မီးရရှိရေး လှုပ်ရှားမှုအနေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ယက်က ဦးဆောင်ပြီး ဆူးလေဘုရားလမ်းနဲ့ ဘုရားရင်ပြင်တော်မှာ မနေ့ညက ဒုတိယနေ့ညအဖြစ် ဖယောင်းတိုင် ထွန်းညှိပြီး စီတန်းလှည့်လည် ဆန္ဒပြကြရာမှာ ပြည်သူလူထု ရာပေါင်းများစွာ ပူးပေါင်း ပါဝင်ကြတယ်လို့ သိရပါတယ်။

2012.05.23
electricity-strike-yangon-b305 ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်က ဆူးလေဘုရားလမ်းပေါ်တွင် လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေစဉ်။
RFA

အဲဒီလို ဆန္ဒပြကြတာကို အနောက်ပိုင်းခရိုင် ရဲမှူးကြီးက တားဆီးတဲ့ စာတစောင်ပေးခဲ့တာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါ်နော်အုံးလှက RFA ကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေနဲ့ ဦးဝင်းချိုတို့ဦးဆောင်ပြီး လယ်ယာမြေတွေ သိမ်းခံရတဲ့ လယ်သမားတွေဟာ မိမိတို့လယ်တွေကို ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ စပါးနှံတွေကိုင်ပြီး ဆုတောင်းဖို့အတွက် ဆူးလေးဘုရားကို မနေ့ညနေက ရောက်လာကြပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့တွေက အဲဒီလယ်သမားတွေကို ကားပေါ်က ဆင်းခွင့်မပြုဘူးလို့ သိရပါတယ် ။

အခုလို မြန်မာနိုင်ငံ မြို့ကြီးတွေမှာ လျှပ်စစ်မီးပုံမှန် ပြန်ရရေးတောင်းဆို ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်လာချိန်မှာ မြန်မာအစိုးရက လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေးအတွက် အရေးပေါ် အစီအစဉ်တွေ လုပ်နေပြီဖြစ်ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ အမေရိကန်အခြေစိုက် Caterpillar Co., ကနေ ဝယ်ယူတဲ့ လျှပ်စစ် ဂျင်နာရေတာ ၆ လုံး တပတ်အတွင်း လေယာဉ်နဲ့ ရောက်ရှိလာမှာ  ဖြစ်ကြောင်းနဲ့ ၂၅ မီဂါဝပ် ထုတ်လုပ်နိုင်တဲ့ Gas Turbine ၂ လုံးကို General Electric Co., မှ ဝယ်ယူထားကြောင်း ပါရှိပါတယ် ။

ဒီ အတောအတွင်း မန္တလေးမြို့မှာတော့ မနေ့ညက ဆန္ဒပြပွဲ မရှိတော့ဘူးလို့ သိရပါတယ်။ အင်္ဂါနေ့မှာ မန္တလေးမြို့ခံတချို့ကို ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ရဲက မေးမြန်းခဲ့ပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။