ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ အခုလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ၁၀ ရက်ကျော်အကြာ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်မှာဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက မစ္စ ယန်ဟီးလီ ခရီးစဉ်အတွင်း သွားရောက်မယ့်နေ ရာတွေ၊ တွေ့ဆုံနိုင်မယ့်သူတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က ပြောပါတယ်။
"၁၉ ရက်နေပြီးတော့ ဇူလိုင် ၁ ရက်နေ့အထိလာဖို့ သူအဆိုပြုထားတာရှိပါတယ်၊ သွားတဲ့နေရာတွေသွား ဖို့ မေတ္တာရပ်ခံထားတာရှိပါတယ်၊ နေပြည်တော်မှာ သက်ဆိုင်ရာဝန်ကြီးဌာန တော်တော်များများနဲ့တွေ့ ဖို့ မေတ္တာရပ်ခံထားတာရှိပါတယ်၊ အခုအစီအစဉ်ကတော့ ညှိနေတုန်း အနေအထားပဲရှိပါတယ်၊ သူပုံမှန်လာရင် တွေ့တဲ့ဝန်ကြီးဌာနတွေကိုတွေ့ဖို့ သူမေတ္တာရပ်ခံထားပါတယ်၊ ဝန်ကြီးတွေအားမှု မအားမှုအပေါ်မူတည်ပြီးတော့ ကျနော်တို့ အစီအစဉ်ရေးဆွဲနေတာဖြစ်ပါတယ်၊ အဓိကကတော့ ကျနော်တို့ ပြည်ထဲရေးနဲ့ညှိပြီး ဆောင်ရွက်နေပါတယ်"
ခရီးစဉ်က ရရှိခဲ့တဲ့အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၁၂ ရက်ကြာနေထိုင်မှာဖြစ်ပြီး ဒီတစ်ကြိမ်ဟာ သူမရဲ့ လေးကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် လည်း ဖြစ်ပါတယ်။
