တောင်သူ ၇ဝ ကျော်ကို ထောင်ဒဏ်ချမှတ်


2016.12.23
yaypu-farmers-620.jpg တောင်သူတွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တောင်ကြီးမြို့နယ် တရားရုံးမှာ အမိန့်ချမှတ်ပြီးနောက် ရဲကားများဖြင့် ခေါ်ဆောင်သွားစဉ်
Photo: Kotoe Taunggyi Facebook
တောင်ကြီးမြို့နယ်၊ ရေပူကျေးရွာနဲ့ ကွမ်လုံကျေးရွာတွေမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၇၂ ယောက်ကို တောင်ကြီးမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ပါတယ်။

တောင်သူတွေကို ညောင်ရွှေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ တောင်သူတွေဘက်ကနေ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

"ရေပူနဲ့ ကွမ်လုံကျေးရွာ တပ်ပိုင်မြေဧက ငါးထောင်ပေါ်ကကိစ္စပါ။ အခုညောင်ရွှေအကျဉ်းထောင်ကို မနေ့က တန်းပြီးပို့ပါတယ်။ လူအရေအတွက်အားဖြင့် ၇၂ ဦးပါ။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်လ ချပါတယ်။"

ရေပူနဲ့ ကွမ်လုံကျေးရွာက လယ်မြေဧက ၅၀၀၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို လွှဲပြောင်းပေးကြောင်းစာကို ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့ပေမယ့် တောင်သူတွေက အဲဒီလယ်မြေတွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ တပ်မတော်က တပ်ပိုင်မြေဖြစ်ကြောင်း ပြောကြားလာပြီး လုပ်ကိုင်မယ်ဆိုရင် သီးစားခပေး ဖို့ ပြောတဲ့အခါတောင်သူတွေက သီးစားခပေးပြီး လုပ်ကိုင်ခဲ့ကြောင်းနဲ့ ၂၀၁၅ ခုနှစ်မှာ တပ်မတော်က တောင် သူတွေဆီက သီးစားခမယူတော့ဘဲ ဝင်ရောက်စိုက်ပျိုးသူတွေကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့အထဲမှာ ပါဝင်တဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ဒဏ်ငွေ ၅၀၀ ကျပ်နဲ့ အသက် ၇၀ ကျော် ၄ ဦးကို ဒဏ်ငွေ နှစ်သောင်းစီနဲ့ အသက် ၇၀ ကျော် ၁ ဦးကိုလည်း ဒဏ်ငွေ လေးသောင်း အမိန့် ချမှတ်ခဲ့ပါတယ်။

မနေ့က ရုံးချိန်းကို မလာရောက်တဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၃ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။