မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကို တရားမဝင်သစ် လက်ဝယ်ထားရှိမှုနဲ့ ပြင်ဦးလွင်မြို့နယ် တရားရုံးက ငွေဒဏ် ကျပ် ၂သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
ငွေဒဏ်ပေးဆောင်ဖို့ အမိန့်ချတာဟာ မတရားကြောင်းနဲ့ အပြစ်မရှိဘူးလို့ ခံယူထားကြောင်း ရေပူဆရာတော် ဦးဣန္ဒက က မိန့်ပါတယ်။
"အဲ့ဒီဒဏ်ငွေအနိမ့်ဆုံး နှစ်သောင်းချတာတောင် တရားသူကြီးဟာ တရားမျှတမှုမရှိဘူးလို့ ဘုန်းကြီးခံယူပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် သစ်မှုနဲ့ပတ်သက်ပြီး ဘုန်းကြီးထွက်ဆိုချက်ထဲမှာပါပါတယ်၊ ဒီသစ်တွေကို ဘုန်းကြီးသယ် ခဲ့တာမဟုတ်ဘူး၊ ဒီသစ်တွေကို ကျောင်းထဲရောက်အောင်သယ်ခဲ့တာ ဘယ်သူတွေပါဆိုပြီး ဘုန်းကြီးထွက်ဆို ခဲ့ပါတယ်၊ ဒီသစ်တွေကို တောထဲကနေ ခွင့်ပြုချက်မရပဲထုတ်တာ ဘယ်သူတွေပါဆိုပြီး ထွက်ဆိုခဲ့ပါတယ်၊ တကယ်လို့ အပြစ်ရှိလို့အရေးယူခဲ့မယ်ဆိုရင် သယ်ယူတဲ့သူ၊ တောထဲကနေ ခုတ်တဲ့သူကိုသာ အရေးယူရမယ့် အစား အခု ဘာသာသာသနာအတွက် အသုံးပြုတဲ့ ဘုန်းကြီးကို အရေးယူတာဟာ တရားမျှတမှုမရှိဘူး"
ဆရာတော်က ဒဏ်ငွေ မဆောင်နိုင်ဘူးလို့ တရားရုံးမှာ မိန့်ခဲ့ပေမယ့် ဒကာ ဒကာမတွေက အလှူငွေကောက်ခံပြီး ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။
ရေပူဆရာတော်ဟာ ကျောင်းဝင်းအတွင်းမှာ ကျောင်းဆောင်အသစ် ဆောက်လုပ်ဖို့အတွက် တောင်စောင်းတွေ ကို မြေညှိခဲ့ရာကနေ ကျောက်မျက်တရားမဝင် တူးဖော်နေတယ်လို့ မိုးကုတ်မြို့မရဲစခန်းက စွပ်စွဲပြီး ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ရက်နေ့က လူဝတ်လဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင်လ ၁၄ ရက်နေ့မှာ သစ်တောဥပဒေပုဒ်မ ၄၂ အရ တရားမဝင်သစ်လက်ဝယ်ထားရှိမှု၊ သာသနာ ညှိုးနွမ်းစေမှုတို့နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်နေ့က သာသနာညှိုးနွမ်းစေမှုကို ပလပ်လိုက် ပါတယ်။
တရားမဝင် ကျောက်မျက်တူးဖော်မှုနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့အတွက် ဆရာတော်ကို အိုးဘိုအကျဉ်းထောင် ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။ တရားမဝင်ကျောက်မျက်တူးဖော်မှုကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ မနက်ဖြန် ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
