လက်နက်ကိုင်ပြီး ပြည်သူအပေါ် ရမ်းကားမှုနဲ့ နိုင်ထက်စီးနင်းပြုလုပ်မှုတွေဟာ စက်ဆုပ်စရာကောင်းတဲ့ အပြုအမူတွေဖြစ်ပြီး ဒီလိုအမူအကျင့်မျိုးရှိသူတွေ ပြည်သူ့ ကာကွယ်ရေးတပ်မတော်အတွင်း ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ်ဖယ်ရှားပစ်ရမှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအမှာစကားမှာ ဝန်ကြီး ဦးရည်မွန်က အခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် PDF တွေအနေနဲ့ မိမိတို့ကသာ အသက်စွန့် တိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက် ပြည်သူတွေထက် ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ခေါင်းထဲက ရှင်းရှင်းဖယ်ထုတ်ထားရမယ်လို့လည်း သူကပြောပါတယ်။
တတ်နိုင်သလောက် တော်လှန်ရေးဝန်ကို ထမ်းနေကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်း ဟာ တော်လှန်ရေးသမားတွေဖြစ်ကြောင်း၊ တပ်ခွဲမှူးသင်တန်းတွေအတွက် အကူအညီ ပေးခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားထား ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးတွေမှာ အဘက်ဘက်က ချွတ်ခြုံကျပြီး ထွက်ပေါက်ပိတ်နေတာကြောင့် သူ့အရေးနိမ့်မှုကို တရားခံရှာတဲ့အနေနဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်နေတာ ခပ်စိပ်စိပ်တွေ့လာရပြီး စစ်ကောင်စီ အသက်ရှူရပ်တဲ့အထိ ဖိအားပေး တိုက်ခိုက်ရမယ်လို့ ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက်မရခဲ့ပါဘူး။