ရန်ကုန်တိုင်းအစိုးရနဲ့ Eleven သတင်းစာ ညှိနှိုင်းမှု ပြေလည်မှုရရှိ

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ဝေဖန်ခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး အငြင်းပွားနေမှုကို ဒီနေ့ သတင်းမီဒီယာကောင်စီ မှာ တိုင်းဝန်ကြီးချုပ်နဲ့ Eleven မီဒီယာတွေ့ဆုံညှိနှိုင်းရာမှာ ကနဦး ပြေလည်မှုရရှိသွားတယ်လို့ သိရပါတယ်။

Eleven မီဒီယာက သတင်းထောက် ဖြိုးေ၀ ရေးသားခဲ့တဲ့ "အမြဲရှူံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက်ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ဒီကနေ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC ရုံးမှာ MPC အဖွဲ့ဝင်တွေနဲ့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ Eleven မီဒီယာကအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုင်းအစိုးရအနေနဲ့ အမှားတစ်စုံတစ်ရာ လုပ်ဆောင် ထားခြင်း မရှိတဲ့အကြောင်း အချက်အလက်နဲ့ရှင်းပြခဲ့ပြီး ဆောင်းပါးမှာဖော်ပြခဲ့တဲ့အထဲက အချက်အလက်တွေ ကိုလည်း အမှန်အတိုင်း ပြန်လည်ပြင်ဆင်ရေးသားပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Eleven မီဒီယာဘက်က အဲဒီဆောင်းပါးကို ဘယ်လိုအထောက်အထားနဲ့ ရေးခဲ့တယ်ဆိုတဲ့ ရှင်းလင်းချက် တစ်စောင်ပြန်လည်ရေးသားပေးရမှာဖြစ်ပြီး အဲဒီရှင်းလင်းချက်ကို MPC ကနေတဆင့် ဝန်ကြီးချုပ်ထံပေးပို့ပြီး ဝန်ကြီးချုပ်က အတည်ပြုချက်ရပြီးမှသာ မီဒီယာမှာပြန်လည်ဖော်ပြပေးဖို့ ညှိနှိုင်းသဘောတူခဲ့တယ်လို့ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော် ကပြောပါတယ်။

အဲဒီရှင်းလင်းချက်ကို သတင်းမီဒီယာကောင်စီကနေတဆင့် အကြောင်းပြန်ဖို့ရှိတယ်လို့ Eleven မီဒီယာရဲ့ အယ်ဒီတာ ကိုကျော်ဇောလင်း က ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်မှာဖော်ပြခဲ့တဲ့ အဲဒီဆောင်းပါးမှာ ရန်ကုန်မြို့သစ် စီမံကိန်း တည်ထောင်မယ့် Yangon Metropolitan Development Public Co,Ltd မှာ ရန်ကုန် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနဲ့ ဆက်စပ်တဲ့ ရှယ်ယာပေါင်း ၆၄ဝ,ဝဝဝ နီးပါး ပိုင်ဆိုင်မှုအကြောင်း ဝေဖန်ချက် တချို့ပါဝင်ခဲ့တာပါ။

အဲဒီဆောင်းပါးကြောင့် ဆောင်းပါးရှင်ဝေဖြိုး၊ အယ်ဒီတာ ကျော်ဇောလင်း၊ နရီမင်း တို့သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တရားစွဲခဲ့ပြီး နိုင်ငံတော်သမ္မတရဲ့ညွှန်ကြားချက်ကြောင့် တရားစွဲဆိုမှုကို ပြန်လည်ရုပ်သိမ်းပြီး သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။