စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ရသလို ဒီနေ့မနက်မှာလည်း သတ်ဖြတ်ခံထားရတဲ့ အမျိုးသား သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းသုံးခုကိုတော့ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကို ဆက်သွယ်ထားတဲ့ မြောက်ယမားချောင်းကူးတံတားအနီးမှာ ဒီနေ့မနက်ပိုင်းက တွေ့ရှိခဲ့ရတာလို့ ယင်းမာပင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဒီမနက်မှာ မြောက်ယမား ချောင်းကူးတံတားအနီးမှာ ရုပ်အလောင်း သုံးခုပေါ်ပါတယ်။ အဲဒီလူတွေထဲက ရုပ်အလောင်းနှစ်ခုကတော့ လည်ငေါက်ရွာကဆိုတာ အတည်ပြုနိုင်ပြီး နောက်တစ်ဦးကတော့ ဘယ်ကလဲဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။ ရုပ်အလောင်းတွေကိုတော့ ဒီမနက်ပဲ သင်္ဂြိုဟ်လိုက်ပါပြီ”
သေဆုံးသူတွေဟာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာက အသက် ၄၄ နှစ်အရွယ် ကိုသိန်းဝေနဲ့ အသက် ၄၇ နှစ်အရွယ် ကိုကျော်ဉာဏ်နဲ့ အမည်မသိ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ဟာ ပုလဲမြို့နယ်ဘက်ကနေ ယင်းမာပင်မြို့နယ်ဘက်ကို အင်အား တစ်ရာနီးပါးနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားတွေ ဖြစ်တယ်လို့ ယင်းမာပင်ဒေသခံတွေက ပြောပါတယ်။
RFA က ရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ မြောက်ယမား ချောင်းကူးတံတားပေါ်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ယူဆရတဲ့ သွေးကွက်တွေလည်း တွေ့ရပါတယ်။
ဩဂုတ် ၁၅ ရက် မနေ့ကလည်း ယင်းမာပင်မြို့နယ်၊ ပေကုန်းရွာမှာ စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ကိုးနှစ်အရွယ် မောင်ကျော်သီဟ သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရလို့ဆေး ကုသနေရတယ်လို့ ပေကုန်းရွာမှာ နေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းအနီးမှာ တရုတ်နိုင်ငံက အကောင်အထည် ဖော်နေတဲ့ လက်ပံတောင်းတောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်းတွေကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုံရွာ-ပုသိမ် လမ်းတစ်လျှောက်မှာ လုံခြုံရေးကင်းလှည့်နေစဉ် အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပေကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက လက်နက်ကြီးတစ်လုံးက မောင်ကျော်သီဟတို့ နေထိုင်ရာ အိမ်ထဲကျခဲ့တဲ့အပြင် ပေကုန်းရွာ မြောက်ဘက်အခြမ်းမှာလည်း လက်နက်ကြီး တစ်လုံးကျခဲ့လို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပေကုန်းရွာခံတွေက ပြောပါတယ်။
မနေ့က တစ်နေ့တည်းမှာပဲ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်အခြေချထားတဲ့ အောင်ဇေယျကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ နဘူတောရွာမှာနေထိုင်တဲ့ အသက် ခြောက်ဆယ်အရွယ် ဒေါ်မိလုံးဆိုသူ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှု ခံနေရတယ်လို့ ယင်းမာပင်ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အစပ် ချောင်းကူးတံတားအနီး အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုရဲ့ စစ်ရေးတာဝန်ခံကတော့ ဩဂုတ်လ ၁၅ ရက် မနေ့တုန်းက ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာမရှိဘူးလို့ RFA ကိုပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီဖြစ်စဉ်တွေကို သူ့အနေနဲ့ သိရှိထားတာ မရှိဘူးလို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးခဲ့တဲ့ အရပ်သား ၃,၉၃၃ ဦးအထိ ရှိလာနေပါတယ်။