ထောင်ဆူပူမှုကိစ္စ တစညပါတီပြောဆိုမှုကို ဦးဇော်ဌေး တုံ့ပြန်

ထောင်ဆူပူတာ လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့် လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက မီးတကျီကျီနဲ့ နိုင်ငံရေး သခွပ်ပင် လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့နဲ့ ဥပဒေကြောင်းအရ ငြိစွန်းရင် နစ်နာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ် Photo: Thiha Tun/RFA

ထောင်ဆူပူတာ လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့် လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက မီးတကျီကျီနဲ့ နိုင်ငံရေး သခွပ်ပင် လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့နဲ့ ဥပဒေကြောင်းအရ ငြိစွန်းရင် နစ်နာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

တစည ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာကျော်ဆွေက နေပြည်တော် ရတနာသိင်္ခဟိုတယ်မှာ မနေ့က ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောင်ဆူပူဖြစ် ပွားတာနဲ့ ပတ်သက်ပြီး အများက ဝေဖန်နေကြသလို လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့်လို့ စွပ်စွဲပြောဆိုခဲ့တာပါ။

တဆက်တည်းမှာပဲ ဦးဇော်ဌေးက အဲဒီစွပ်စွဲချက် မှားယွင်းနေကြောင်းနဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ အသနားခံ တင်ပြစာ တင်လာတဲ့သူတွေရှိပြီး အဲဒါတွေကို ထည့်သွင်းစဉ်းစားသုံးသပ်ပေးဖို့၊ အကျဉ်းသားလွှတ်ပေးရေးအပေါ် မူပဲချမှတ်ပေးတာဖြစ်ပြီး အသေးစိတ်လူစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးက ဆောင်ရွက်ရတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်တွေနဲ့ ဖွဲ့ထားတဲ့ လူမှုကွန်ရက်ဂရုမှာ ပြောလိုက်တာပါ။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အခါမှာလဲ ထောင်တွေက များနေတဲ့အတွက် တာဝန်ရှိသူတွေရဲ့ တင်ပြချက်အရ အချိန်ခြား၊ ဒေသခြားပြီး ဆောင်ရွက်တာဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေရှိတယ်ဆိုပြီး ပြောလာတာဟာ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးကို ပြောရာရောက်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်သမ္မတက သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေနဲ့ မူးယစ်ဆေးပြား ၁၀၀ နဲ့အောက် မိတဲ့သူတွေကို အဓိကထားပြီး လွှတ်ပေးဖို့ တင်ပြခိုင်းတာလို့ သိရပါတယ်။

ဒါ့အပြင် သေဒဏ် ၃ ကြိမ် ကျခံထားတဲ့သူ ပြန်လွှတ်တယ်ဆိုတဲ့ သတင်းကလည်း သတင်းမှားဖြစ်ကြောင်း၊ ပြည်ထဲရေးကိုမေးရာမှာ အဲဒီကိစ္စမဟုတ်မှန်ဘူးလို့ ပြန်လည်တင်ပြခဲ့ကြောင်းနဲ့ ထောင်တွေ ဆူပူတဲ့အကြောင်း ရင်းတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး အရေးယူနေကြောင်း ပြောပါတယ်။

အစိုးရကို နိုင်ငံရေးပါတီတွေအနေနဲ့ ဝေဖန်မယ်ဆိုရင် အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး လူမှုကွန်ရက် ဖေ့ဘွတ်စ် သတင်းလောက်ကိုသာ ဖတ်ပြီး မပြောဆိုမိဖို့လည်း ဦးဇော်ဌေး က သတိပေးလိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org