မိုးကုတ် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ကိုးဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

RFA Burmese
2024.11.12
မိုးကုတ် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ကိုးဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်ရှိ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

Updated 4:21 PM Nov 12, 2024

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကိုးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

အသက် ၂၀ ကနေ ၄၀ ကြား အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သလို နေအိမ်ဆယ်လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေထဲမှာ လယ်ဦးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားခုနစ်ဦးလည်း ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စုစုပေါင်း ခုနစ်ဦး ဆုံးသွားပါတယ်။ အမျိုးသားတွေချည်းပါပဲ။ လေယာဉ်လာမယ်လည်းမထင်တော့ ပုံမှန်အတိုင်း နေနေကြတာပေါ့နော်။ အဲဒါကို လူနေရပ်ကွက်တွေကို တည်တည့်လာပစ်သွားတာပေါ့။ အကုန်လုံးကတော့ အခုထိ ကြောက်နေကြတယ်"

သေဆုံးသွားသူတွေကို ဒီနေ့မနက်ပိုင်းကတည်းက လူမှုကူညီရေးအသင်းတွေ အကူအညီနဲ့ သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"လေယာဉ်လာမယ်လည်းမထင်တော့ ပုံမှန်အတိုင်း နေနေကြတာပေါ့နော်။ အဲဒါကို လူနေရပ်ကွက်တွေကို တည်တည့်လာပစ်သွားတာပေါ့။ အကုန်လုံးကတော့ အခုထိ ကြောက်နေကြတယ်"

မိုးကုတ်မြို့အနောက်ခြမ်းက လူးထရပ်ကွက်၊ အရှေ့ခြမ်းက မြို့ဦးရပ်ကွက်နဲ့ လယ်ဦးရပ်ကွက်တို့ကို Mi -17 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပေါင်ငါးရာဗုံးသုံးလုံးခန့် လာရောက်ကြဲချခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက လတ်တလော မိုးကုတ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။

"မနေ့ညက သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ကိုးဦး သေဆုံးတယ်။ ၁၃ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ နေအိမ် ဆယ်လုံးအထက်လည်း ထိခိုက်ပျက်စီးသွားပါတယ်။ မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာကိုပဲ အရပ်သားကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်"


ဆက်နွှယ်သောသတင်းများ

မိုးကုတ်မြို့ကို TNLA သိမ်းပိုက်

မိုးကုတ်မှာ စစ်သုံ့ပန်းနှစ်ဆယ် ထပ်မံဖမ်းဆီးရမိကြောင်း TNLA ပြော

နှစ်လကျော် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မိုးကုတ်မှာ အင်တာနက်လိုင်း ပြန်ရ


ဒဏ်ရာရသူတွေထဲမှာတော့ အသက်အန္တရာယ်စိုးရိမ်ရသူမရှိဘဲ လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ဟာ ဖုန်းလိုင်းဖြတ်တောက်ခံထားရတာကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ အမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်ရှိ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်ရှိ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မိုးကုတ်မြို့ခံအများစုကတော့ လေကြောင်းရန် စိုးရိမ်တာကြောင့် ဘေးလွတ်ရာနေရာတွေဆီ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ အမည်မဖော်လိုတဲ့ မိုးကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက တချို့က ရှောင်ဖို့ရာ စီစဉ်နေကြတာ မြို့ခံတွေကတော့။ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်။ လားရှိုးကို ဥပမာကို ကြည့်ရင် တစ်ခါတည်းနဲ့ မပြီးဘူးလေ။ သူက နှစ်ခါ သုံးခါတော့ လာတယ်၊ များသောအားဖြင့်။ အဲဒီလိုတွေကြောင့်မို့ မိုးကုတ်ကလူတွေက အကုန်ရှောင်ကြပြီ အခုက။ လိုင်းတွေလည်း ဖြတ်တော့မယ်ကြားတယ်"

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာ TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပြီးနောက် မိုးကုတ်ဒေသခံအများစု မြို့ထဲကို ပြန်လည် ဝင်ရောက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၆ ရက်နေ့ စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပါတယ်။

(မှတ်ချက် - နောက်ထပ်ရရှိသည့် သေဆုံးသူအရေအတွက်နှင့် ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။