ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာချုပ်နှောင်ထားသလဲ

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမနက်အစောပိုင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူ့ကိုဘယ်မှာဖမ်းဆီးထားတယ်၊ ဘယ်လိုထိန်းသိမ်းထားတယ်ဆိုတာကို စစ်ကောင်စီဘက်က ဘာမှ တရားဝင်ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သူ့ကို ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံး ခြံဝင်းထဲက အဆောက်အအုံတစ်ခုမှာ တစ်နှစ်ကျော်ကြာ သီးသန့်တရားရုံးနဲ့ စစ်ဆေးခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ် ဇွန်လကုန်ပိုင်းမှာ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။

မကြာသေးခင်က အဲဒီနေပြည်တော်အချုပ်ထောင်ကနေ ပြန်လွတ်လာတဲ့ NLD အစိုးရ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တားနဲလ်ဟာ အာဏာသိမ်းပြီးနောက်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရတဲ့လူနည်းစုထဲက တစ်ယောက်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ထောင်ထဲက အဖြူရောင်ကွန်ကရစ် အဆောက်အအုံတစ်ခုထဲမှာ ချုပ်နှောင်ခံထားရတယ်လို့ သူက ထုတ်ဖော်ပြောဆိုလာပါတယ်။

အဲဒီထောင်ဟာ သစ်ပင်တောအုပ်တွေမရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာရှိနေပြီး ရာသီဥတုကလည်း တော်တော့်ကိုပူ၊ ပိုးဟပ်တွေ၊ ခြင်တွေများ၊ မီးကလည်းမရှိ၊ မိုးရွာတဲ့အခါ ခေါင်မိုးက မိုးယိုတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အဆောက်အအုံနားမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေကို ဖြတ်တောက်ဖို့ တာဝါတိုင် ၁၂ တိုင် ထောင်ထားတယ်လို့ မစ္စတာရှောင်တားနဲလ်က Financial Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

sean-turnell.jpeg

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေထွက်မလာအောင်လို့ ဒီလိုဖုန်းလိုင်းဖြတ်တောက်တဲ့ တာဝါတိုင်တွေထောင်ထားတာလို့ သူကယူဆပါတယ်။

အာဏာသိမ်းတဲ့နေ့ကတည်းက ဒီနေ့ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလကုန်ပိုင်းမှာတော့ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်အတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို မြဝတီရုပ်မြင်သံကြားလိုင်းကနေ ထုတ်လွှင့်ခဲ့ပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထောင်ချခံထားရပေမဲ့ စိတ်ဓာတ်ခိုင်မာနေဆဲပဲဖြစ်ပြီး ကမ္ဘာ့အရေးတွေကို စိတ်ဝင်တစားရှိနေတယ်လို့ မစ္စတာရှောင်တားနဲလ်ကပြောပါတယ်။

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ လစ်ဇ်ထရပ်တို့အပြောင်းအလဲအခြေအနေတွေကို စိတ်ဝင်တစားရှိပြီး၊ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လုပ်ရပ်နဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စိတ်ပျက်နေတယ်လို့ မစ္စတာရှောင်တားနဲလ်က Financial Times သတင်းစာကိုပြောပါတယ်။

000_9AU7Y6(2).jpg
This handout photo taken on May 24, 2021 and released by Myanmar's Ministry of Information on May 26 shows detained civilian leader Aung San Suu Kyi (L) and detained president Win Myint (R) during their first court appearance in Naypyidaw, since the military detained them in a coup on February 1. (Photo by Handout / MYANMAR MINISTRY OF INFORMATION / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / MYANMAR'S MINISTRY OF INFORMATION" - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS (HANDOUT/AFP)

ဒေါ်အောင်ဆန်းစုကြည်ဆီကို ထောင်အာဏာပိုင်တွေက စာဖတ်ခွင့်၊ စာအုပ်တွေပို့ခွင့် ပိတ်ထားပေမဲ့ နည်းလမ်းရှာပြီး မစ္စတာရှောင်တားနဲလ်က စာအုပ်တချို့ပို့ပေးခဲ့ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည်ကို ရေဒီယို၊ ကွန်ပျူတာ အင်တာနက်တွေမပေးဘဲ စစ်ကောင်စီက သူ့တို့ထုတ်တဲ့ သတင်းစာတွေကို ပေးပို့နေတယ်လို့ RFA ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီး NUG၊ NUCC၊ PDF၊ EAOs စတဲ့ အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေ၊ ပြည်တွင်း ပြည်ပ ဆောင်ရွက်မှုတွေ၊ စစ်တပ်ရဲ့ လူမဆန်မှုတွေကို တစ်စုံတစ်ရာအတိုင်းအတာအထိ သိရှိနေတယ်လိုလည်းဆိုပါတယ်။

သူဟာ ထောင်ဝတ်စုံ ထဘီအညိုရောင်၊ အင်္ကျီအဖြူရောင်ကိုပဲ ဝတ်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့နေမြင်နေကျထက် ပိုပိန်သွားတယ်လို့ပြောပါတယ်။

ဒါပေမဲ့ အရင်အတိုင်းပဲ စိတ်ဓာတ်ခိုင်မာနေတယ်လို့ သူ့ကိုတွေ့ခဲ့ရတဲ့ မစ္စတာရှောင်တားနဲလ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေ အပြင်ကိုမရောက်ဖို့ အမှုလိုက်ရှေ့နေတွေကို စစ်ကောင်စီက သတင်းမီဒီယာတွေနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုဆက်ဆံခွင့် ပိတ်ထားပါတယ်။

ထောင်ထဲမှာ ရက်ပေါင်း ၆၅၀ ကျော်ကြာနေခဲ့ရတဲ့ အသက် ၅၈ နှစ်အရွယ် စီးပွားရေးအကြံပေး မစ္စတာရှောင်တားနဲလ်ကတော့ "လူကောင်းတွေကို လူဆိုးတွေက အုပ်စိုးနေတယ်" လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။