ပညာရေးဥပဒေကို ဆန္ဒပြကြတဲ့ ကျောင်းသားတွေ ဖိအားပေးခံရ


2015.01.22

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ မန္တလေး၊ ပခုက္ကူနဲ့ ထားဝယ်မြို့က ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက အမျိုးမျိုးဖိအားပေးတာတွေ ရှိနေပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသား ကျောင်း သူတွေက ဒီလ ၂ဝ ရက်နေ့ကစပြီး မန္တလေး၊ ထားဝယ်နဲ့ ပခုက္ကူမြို့တွေမှာ လမ်းလျှောက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အဲ့ဒီလိုလမ်းလျှောက်ဆန္ဒပြကြတဲ့ ကျောင်းသားကျောင်းသူတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုချက်တင်ဖို့ ဖိအားပေးသလို ကျောင်းသားတွေ ညအိပ်နားခွင့်မရအောင်လည်း တားမြစ်တာတွေ ရှိနေပါတယ်။

ကျောက်ဆည်မြို့ရောက်ရှိချိန်မှာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသား ကျောင်းသူ တစ်ရာကျော်ကို မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဆန္ဒပြခွင့်တင်ဖို့နဲ့ ဥပဒေကိုမလိုက်နာရင် အရေးယူခံရမှာဖြစ်ကြောင်း ဒီနေ့ ပြောကြားခဲ့ပါတယ်။

ဦးအောင်ကျော်မိုး။                ။ဥပဒေဆိုတဲ့ဥစ္စာက တစ်နိုင်ငံလုံးအတိုင်းအတာ တစ်နိုင်ငံလုံးမှာ နေထိုင်တဲ့သူတွေ အားလုံး လိုက်နာဖို့ အစိုးရကထုတ်ထားတာ၊ အဲ့ဒီထုတ်ထားတာကို လိုက်နာတဲ့သူလည်းရှိတယ်၊ မလိုက်နာတဲ့ သူတွေကလည်း ရှိနေမှာပဲဖြစ်ပါတယ်၊ အဲ့ဒီတော့ ဒီဥပဒေကို ဦးတို့ကတော့ ဥပဒေကိုအကောင်အထည်ဖော် ပြီးတော့မှ ဆောင်ရွက်နေတဲ့ သူတစ်ယောက်ဆိုတော့ သက်မှတ်ထားတဲ့ဥပဒေကို ချိုးဖောက်တယ်ဆိုလို့ရှိရင်တော့ ချိုးဖောက်တဲ့သူကတော့ ချိုးဖောက်တဲ့အတိုင်း သွားကြရမှာဖြစ်ပါတယ်။

အဲ့ဒီကျောင်းသား ကျောင်းသူ တစ်ရာကျော်က ခွင့်ပြုချက်မတင်ပဲ မြစ်သားမြို့ကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။

ပခုက္ကူမြို့က ဆန္ဒပြကျောင်းသား တစ်ရာနီးပါးရဲ့ ဟောပြောပွဲတွေ တက်ရောက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေက ခံဝန်လက်မှတ်ရေးထိုးခိုင်းတယ်လို့ သိရပါတယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ အထက်တန်းကျောင်းသားတွေကို သက်ဆိုင်ရာ ကျောင်းအာဏာပိုင်တွေက ခံဝန်လက်မှတ်ရေးထိုးခိုင်းတာနဲ့ပတ်သက်ပြီး  ပခုက္ကူခရိုင် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ကိုပြည့်ဖြိုးကျော်က အခုလိုပြောပါတယ်။

ကိုပြည့်ဖြိုးကျော်။                 ။သပိတ်မှောက်ကျောင်းသားတွေကို ကျောင်းအာဏာပိုင်က လက်မှတ်ခေါ်ထိုးခိုင်းတဲ့ ပုံစံမျိုးတွေလုပ်ပါတယ်၊ ပခုက္ကူတက္ကသိုလ်က ကျောင်းပျက်တဲ့ပုံစံမျိုးတွေနဲ့ပါ၊ ခေါင်းစဉ်လွှဲတာပေါ့ ကျောင်းသား တစ်ယောက်ပဲ လက်မှတ်ထိုးလိုက်ရပါတယ်ခင်ဗျား၊ ကျနော်တို့တွေက သွားပြီးကာလိုက်တဲ့အချိန်မှာ ကျန်တဲ့ကျောင်း သားတွေ မထိုးလိုက်ရပါဘူး၊ ပြီးတော့ အ.ထ.က (၂) မှာတော့ အခြေခံပညာကျောင်းက ကလေး ၃ ယောက် ကို ကျောင်းပျက်လို့ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ကျောင်းအုပ်ဆရာမကြီးက ခေါ်ပြီးလက်မှတ်ထိုးခိုင်း လိုက်ပါသေးတယ်၊ ခွင့်မဲ့ပျက်ကွက်တဲ့ပုံစံမျိုးကို အဲ့လိုလက်မှတ်ထိုးခိုင်းတာ ဒါပေမယ့် အဲ့နေ့မှာက တက်တဲ့ကျောင်းသားတွေ အများကြီးကြားထဲမှာမှ သပိတ်မှောက်ကျောင်းသားတွေရှိတယ်၊ သက်သက်ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတာပါခင်ဗျ။

ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေကလည်း အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်း ထားဝယ်မြို့နယ် ကွန်ပျူတာတက္ကသိုလ်မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

အဲ့ဒီလို တက္ကသိုလ်တွေကို သွားရောက်ဟောပြောရာမှာ စိတ်ဝင်စားတဲ့ ကျောင်းသားတွေက ဝင်ရောက်ပူးပေါင်းပြီး ဆန္ဒပြတာတွေရှိသလို အဲဒီကျောင်းသား ကျောင်းသူတွေကို ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကျောင်းဝန်း ထဲမဝင်ဖို့ ပိတ်ဆို့တာတွေရှိပါတယ်။

ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုမင်းလွင်ဦးက မနက်ဖြန်မှာတော့ သပိတ်စခန်းဖွင့်မှာဖြစ်တဲ့အတွက် ခွင့်ပြုချက်မယူထားဘူးလို့ ပြောပါတယ်။

ကိုမင်းလွင်ဦး။           ။အစိုးရအာဏာပိုင်တွေက လာပြီးတော့တားဆီးတာပေါ့၊ ကျတေနာ်တို့ကို တရားမဝင်ဘူး၊ ဥပဒေနဲ့ညိတယ်လို့ပြောတယ်၊ အဲ့လိုတားဆီးပြီး နောက်တစ်နေ့ညမှာပဲ ကျနော်တို့ကို ကမ်းလှမ်းတယ်ဗျ၊ ခွင့်ပြုချက် လာတင်ပါ ခွင့်ပြုချက်ရရှိရင် ပေးမယ်ပြောတယ်၊ ပြောတဲ့အခါကျတော့ ကျနော်တို့ ရဲစခန်းကိုလိုက်သွားတယ်၊ လိုက် သွားပြီး ခွင့်ပြုချက်တင်တယ်ဗျ၊ ၁၁ ရက်နေ့အတွက် ခွင့်ပြုချက်ပေးလိုက်တယ်၊ ၁၂ ရက်နေ့အတွက် ခွင့်ပြချက်ကို ကျတော့ သူတို့အုပ်ချုပ်ရေးပိုင်းက တားဆီးသမျှကို မင်းတို့နာခံပါ့မယ်ဆိုတဲ့ ခံဝန်ကတိထိုးမှ ပေးမယ်ဆိုပြီးပြောတယ်၊ ကျနော်တို့က အဲ့လိုကတိသစ္စာကို လက်မှတ်တော့မထိုးနိုင်ဘူး၊ လာတင်ပါလို့ ကမ်းလှမ်းလို့လာတင်ပြီးပြီပေါ့၊ ကျနော်တို့ တာဝန်ကျေပြီ ကျန်တဲ့အပိုင်းကတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့အပိုင်း ကျနော်တို့ ဂရုမစိုက်ဘူး ကျနော်တို့ အဲ့လိုပြောတော့ ခွင်ပြုမိန့်မတင်ခဲ့ဘူး၊ ကျနော်တို့ ဆန္ဒထုတ်ဖော်ပွဲရှိတဲ့အတွက် အဲ့နေ့ကနားတယ်ဗျ၊ သပိတ်စခန်းမှာပဲ ထိုင်မှာပေါ့။

ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထားဝယ်ဆန္ဒပြ ကျောင်းသားတွေကို တည်းခိုခွင့်မပေးဖို့ ထားဝယ်မြို့အတွင်းက ဘုန်းကြီးကျောင်းတွေကို ဖိအားပေးတာတွေလည်း ရှိတယ်လို့သိရပါတယ်။

ထားဝယ်နဲ့ ပခုက္ကူမြို့က ဆန္ဒပြကျောင်းသားတွေက ရန်ကုန်မြို့မှာ မန္တလေးက ဆန္ဒပြကျောင်းသားတွေနဲ့ အတူပူးပေါင်းပြီး သပိတ်စခန်းဖွင့်ကြမယ်လို့လည်း သိရပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြကန့်ကွက်နေချိန်မှာ နိုင်ငံတော်သမ္မတက အဲ့ဒီဥပဒေအပေါ် ပြန်လည်ပြင်ဆင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ထံ သဝဏ်လွှာပို့ထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။