ချင်းပြည်နယ်မှာ ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ပစ်မှတ်ထားခံနေရ

RFA Burmese
2023.08.15
ချင်းပြည်နယ်မှာ ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ပစ်မှတ်ထားခံနေရ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ရမ်ထလိုရွာမှ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဟာ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံအချို့ကို လေကြောင်းနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာကြောင့် အပျက်အစီးတွေရှိတယ်လို့ ဒေသခံတွေနဲ့ ခရစ်ယာန် သင်းအုပ် ဆရာတော်တွေက ပြောပါတယ်။

ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာကို စစ်ကောင်စီတပ်က ဒီလ ၁၂ ရက်မှာ လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ်တစ်လုံး ပျက်စီးပြီး လူခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၄ ရက်ကလည်း ထန်တလန်မြို့နယ်၊ ခွာဖိုရွာ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ်လေးလုံး ပျက်စီးခဲ့ပြီး အဲဒီနေ့ညနေမှာပဲ ဟားခါးမြို့ထဲက နှစ်ခြင်းဘုရားကျောင်းဝင်းထဲ လက်နက်ကြီး ကျည်နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သင်းအုပ်ဆရာရဲ့ နေအိမ် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

"လူကတော့ အထိအခိုက် မရှိဘူး။ ဘုရားကျောင်းနားမှာလည်း တစ်လုံးကျတယ်။"

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဘုရားကျောင်းထဲက သင်းအုပ်ဆရာကြီးနေတဲ့အိမ် ပျက်စီးနေတယ်။ သွပ်ပြားကတော့ ငါးချပ်လောက် ပေါက်သွားတာ အောက်မှာလည်းထိသွားတယ်။ လူကတော့ အထိအခိုက် မရှိဘူး။ ဘုရားကျောင်းနားမှာလည်း တစ်လုံးကျတယ်။ ညနေပိုင်း ငါးနာရီလောက်မှာဖြစ်တာ ဘုရားကျောင်းကို ပစ်မှတ်ပြီးတော့ ပစ်တဲ့သဘောမျိုး ဖြစ်တယ်လို့တော့ ကျွန်တော်တို့က ယူဆလို့ရတာပေါ့”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးနှစ်ခြင်းအသင်းတော် ဆရာတော်တစ်ပါးက သာသနာ့နေရာတွေကို ဦးတည်တိုက်ခိုက်လာတာက မဖြစ်သင့်ဘူးလို့ RFA ကိုပြောပါတယ်။

“ဒါမျိုး သာသနာ့ပရဝုဏ်၊ သာသနာ့ အဆောက်အအုံတို့ကို ဦးတည်ပြီးတော့ လုပ်တာကတော့ ဘုရားလည်း မကြိုက်ဘူးပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်ဆိုရင်တော့ မပြောဆိုလိုဘူးပေါ့နော်။ အခုက အပြစ်မဲ့လည်းဖြစ်တယ်။ သာသနာ့ပရဝုဏ်လည်းဖြစ်တယ်။ အဲဒါ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့အခါကြတော့ ဒါကမဖြစ်သင့်တဲ့အရာပေါ့။ နောက်နောင်မှာလည်း ဒါမျိုးမဖြစ်သင့်ဘူး”

ဩဂုတ်လ ၁၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း စက္ကန့်ရွာက ခရစ်ယာန်ဘုရာကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းလူမျိုးတွေတန်ဖိုးထားတဲ့ နေရာတွေကို တမင်ရည်ရွယ် တိုက်ခိုက်တာဟာ တိုက်ရိုက် ခံစားရအောင် ရည်ရွယ်တာလို့ ချင်းအရေးလေ့လာသူ ဆလိုင်းဒိုခါရ် (Salai Dokhar) က RFA ကိုပြောပါတယ်။

“လူတွေအနေနဲ့ တန်ဖိုးထားရဆုံးအရာကို ပြောပါဆိုရင် ဘုရားကျောင်းလည်း အပါအဝင် တစ်ခုဖြစ်တယ်။ ဒီတော့ ဘုရားကျောင်းကို ဦးတည်လာခြင်းကတော့ အခုချိန်မှာ သူ့အနေနဲ့ နောက်ဆုံးအကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပြည်သူတွေကို တိုက်ရိုက်ပိုမိုခံစားစေမယ့် လုပ်ရပ်ဟာမျိုးကို တမင်တကာ ရွေးချယ်ပြီးလုပ်တာလို့ ကျွန်တော်တို့ယူဆရပါတယ်”

ခရစ်ယာန်ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို ဒီအပေါ် တုံ့ပြန်ချက်ရဖို့ ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ခွာဖိုရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ခွာဖိုရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန် (Salai Mang Her Lian) ကတော့ ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းတွေကို မရှောင်ဘဲ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ RFA ပြောပါတယ်။

“စစ်ရာဇဝတ်မှု မလုပ်ရဘူးဆိုတဲ့နေရာမှာ ဘာသာရေး အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံတွေကို တမင်တကာ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေကို ဂရုမစိုက်ရုံသာမက ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်”

ချင်းလူ့အခွင့်ရေးအဖွဲ့(CHRO) စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ရှစ်ကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၈၅ လုံး ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။