အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံကို ဂျန်နဝါရီလ ၇ ရက် လာမယ့် သောကြာနေ့ ရောက်ရှိမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ဟာ ၁၉၇၅ နဲ့ ၁၉၇၈ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားပြည်သူ နှစ်သန်းနီးပါးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ခမာနီကွန်မြူနစ် အစိုးရလက်ထက်မှာ စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်က စပြီးနိုင်ငံအာဏာကို နည်းမျိုးစုံနဲ့ ရယူထားသူပါ။ ကုလသမဂ္ဂကြီးမှူးပြီး ၁၉၉၃ ခုနှစ်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အတိုက်အခံ ဖန်ဆီပက်ပါတီက အနိုင်ရပေမယ့် ရွေးကောက်ပွဲ ရလဒ်ဟာ မမှန်မကန်မှုတွေ ရှိနေတယ်ဆိုပြီး အာဏာ လွှဲပြောင်းပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၇ မှာ သူ့သြဇာခံစစ်တပ်ကို အသုံးပြုပြီး အာဏာသိမ်းကာ အခုအချိန်ထိ တိုင်းပြည်အာဏာကို ရယူထားသူပါ။
ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး အာဏာရှင်အဖြစ် သတ်မှတ်ပြောဆိုကြတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ တရုတ်အစိုးရ သြဇာခံဖြစ်ပြီး အမေရိကန် အစိုးရကို ဆန့်ကျင်ပြောကြားလေ့ရှိသူအဖြစ် နာမည်ကျော်ပါတယ်။ သူဟာ တရုတ်အစိုးရရဲ့ စီးပွားရေးစင်္ကြန် စီမံကိန်းကို အများဆုံး ထောက်ခံ အကောင်အထည်ဖော်နေသူလည်း ဖြစ်ပါတယ်။ သူ့ကိုဆန့်ကျင်တဲ့ နိုင်ငံရေး သမားတွေနဲ့ ဝေဖန်ထောက်ပြတဲ့ စာနယ်ဇင်းသမားတွေကို မသမာနည်းမျိုးစုံနဲ့ ရက်ရက်စက်စက် ချေမှုန်းနေပြီး သူ့လက်အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်း သူအနိုင်ရရှိခဲ့တာလည်း မဲလိမ်မဲခိုးမှုတွေကြောင့် ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
သူ့ကို တရားဝင်ခေါ်ဝေါ်ဖို့ သတ်မှတ်ထားတဲ့ဘွဲ့အမည်က “Lord Supreme Military Commander Hun Sen- တပ်မတော်စစ်ဦးစီးချုပ်ကြီး အရှင်သခင် ဟွန်ဆန်” လို့ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်မှာ ဟွန်ဆန်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးနဲ့ စက်မှုဝန်ကြီးတွေလည်း လိုက်ပါလာမှာဖြစ်တယ်၊ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အာဆီယံဆိုင်ရာကိစ္စတွေကို ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းအစိုးရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ NUG နဲ့ CRPH မှာ ပါဝင်လှုပ်ရှားနေတဲ့ ဦးနေဘုန်းလတ် ကတော့ ဟွန်ဆန်ရဲ့ ခရီးစဉ်ကနေ မြန်မာပြည်သူတွေ အတွက် အကျိုးစီးပွားတစုံတရာ ဖြစ်ထွန်းမှာ မဟုတ်ပါဘူးလို့ ဝေဖန်သုံးသပ်ပါတယ်။
“ဟွန်ဆန်ခရီးစဉ်နဲ့ ပတ်သက်ရင် ဒါ ပုလင်းတူဗူးဆို့တွေ တွေ့ကြတဲ့သဘောပဲ။ စစ်ကောင်စီကလည်း ရက်စက်မှုအပေါင်း သရဖူဆောင်း လုပ်ခဲ့ပြီးမှ အခုကျတော့ သူမနိုင်ဘူးဆိုတာကို သိတဲ့အတွက်ကြောင့် ထွက်ပေါက် ရှာချင်တဲ့အချိန် အဲဒီအချိန်မှာ ဟွန်ဆန်က မင်းသားကြီး ဝင်လုပ်ချင်တာပေါ့။ ဒါပေမဲ့လည်း ပြည်သူတွေက ဟွန်ဆန်လို လူမျိုးကို မင်းသားကြီး လုပ်တယ်လို့ မြင်မှာ မဟုတ်ဘူး။ သူကိုယ်တိုင်လည်း အာဏာရှင်ပဲ။ အဲဒီတော့ ဘာတောင်ဖြစ်သွားနိုင်လဲဆိုတော့ သူကိုယ်တိုင်က မင်းသားကြီး ဖြစ်ချင်လို့ လာတာ၊ ဒါပေမယ့် ကျနော်ထင်တာက မင်းသားကြီး ဖြစ်မှာ မဟုတ်ဘူး။ သူ့နိုင်ငံကတောင် မြန်မာနိုင်ငံက မီးပွား သူ့ဆီကူးစက်ပြီးတော့ ဟွန်ဆန်ကို မင်းအောင်လှိုင်နဲ့ ပေါင်းလို့ ဆိုပြီးတော့ ပြန်ပြီးတုံ့ပြန်တာကို ရင်ဆိုင်ရနိုင်တယ်။ ကျနော်တို့ နိုင်ငံအတွက်ကလည်း သူ့ခရီးစဉ်က ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီ့အတွက်ကြောင့် ဟွန်ဆန် လာခြင်း မလာခြင်းဟာ ပြည်သူလူထုအတွက်ရော ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အတွက်ရော ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ့်လမ်းကြောင်းကိုယ် ပြည်သူနဲ့ ဆက်လျှောက်ရုံပဲ”
ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီး လင်းထက်အောင်ကလည်း ဒီခရီးစဉ်ဟာ လူမဆန် ရက်စက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အသိအမှတ်ပြုခြင်းသာ ဖြစ်တယ်။ မြန်မာပြည်သူတရပ်လုံးကို စော်ကားတဲ့ လုပ်ရပ်ပဲလို့ ဝေဖန်လိုက်ပါတယ်။
“စစ်တပ်ကို သူတို့ အာဆီယံမှာ အသိအမှတ်ပြုမှုတခု ရအောင်လုပ်ချင်လို့ လာတဲ့ခရီးစဉ်လို့ ကျနော်ထင်တယ်။ ဒါက ပြောရရင် ပြည်သူတွေရဲ့ သဘောထားနဲ့ လုံးဝဆန့်ကျင်တယ်။ ကျနော်တို့မြန်မာတနိုင်ငံလုံးက ဘယ်လိုသဘောထားရှိတယ်ဆိုတာ တကမ္ဘာလုံးက သိကြပါတယ်။ ကျနော်တို့ ဒီစစ်တပ်ကို လုံးဝအလိုမရှိဘူး။ အာဏာသိမ်းစစ်တပ်ကို ကျနော်တို့က ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ အချိန်မှာ အာဆီယံဒေသတွင်း နိုင်ငံက ဝန်ကြီးချုပ်တယောက်က ဒီလိုမျိုး လာလုပ်တယ်ဆိုတာ ကျနော်တို့မြန်မာနိုင်ငံပြည်သူတွေကို စော်ကားလိုက်တာပဲလို့ ကျနော်တို့က ပြောချင်တယ်။ ကျနော်တို့ ပြည်သူတွေက စစ်အာဏာရှင်ကို လုံးဝအလိုမရှိလို့ ပြန်လည် တွန်းလှန်နေကြတာဖြစ်တယ်။ ဒီလိုအချိန်မှာ ဒီလိုလုပ်ရပ်တွေကို လုပ်တာဟာ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံးဝဒေါသထွက်ရပါတယ်။ ကျနော်တို့အနေနဲ့ သူ့ရဲ့ခရီးစဉ်ကို အလိုမရှိသလို သူ့ရဲ့သဘောထားတွေကို ကောင်းတဲ့သဘောထား မရှိဘူးလို့ ကျနော်တို့မြင်တယ်”

တကသကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန်းလင်း ကလည်း ဟွန်ဆန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့ ပြုလုပ်မယ်လို့ ပြောပါတယ်။
“ဒါ မင်းအောင်လှိုင်ကို သူ့ရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အကြပ်အတည်းကို အာဏာရှင်ချင်း ရိုင်းပင်းတဲ့သဘောပေါ့။ ဟွန်ဆန်ဆိုတာလည်း အားလုံးသိကြတဲ့အတိုင်း ကမ္ဘောဒီးယားမှာ ရှိခဲ့တဲ့ လူတွေကို သတ်ဖြတ် နှိပ်စက်တဲ့ကိစ္စမှာ တာဝန်ရှိခဲ့တဲ့သူ ဒီမှာပါဝင်ခဲ့သူ တစ်ယောက်ပဲ။ သူကိုယ်တိုင်က တိုင်းပြည်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတာ မဟုတ်ဘဲ ဒီမိုကရေစီအယောင်ပြ အုပ်ချုပ်နေသူ တစ်ယောက်ပဲ။ ဒါ လက်ရှိ မင်းအောင်လှိုင်သွားချင်တဲ့ လမ်းကြောင်း ပုံစံမျိုးဆိုတော့ ဒါက အာဏာရှင် အချင်းချင်း ထွက်ပေါက်ပေးတဲ့သဘောမျိုးလို့ ဒီခရီးစဉ်ကို ယူဆတယ်။ ဒါကြောင့် ဟွန်ဆန်ရဲ့ ဒီခရီးစဉ်ကို မင်းအောင်လှိုင်က ကြိုဆိုနိုင်လိမ့်မယ်။ ကျနော်တို့ပြည်သူတရပ်လုံးက မကြိုဆိုဘူး ဆိုတာ ပြသနိုင်မယ့် လှုပ်ရှားမှုတွေကို ကျနော်တို့ စီစဉ်ဆောင်ရွက်နေတာရှိတယ်။ ပြီးတော့ ကျနော်တို့ သပိတ် အင်အားစုတွေကလည်း ဒီခရီးစဉ်ကို မကြိုက်ဘူး။ ဒီလိုမျိုး ခရီးစဉ် စီစဉ်တာကိုက ဒါ မင်းအောင်လှိုင်ကို အသိအမှတ်ပြုတာပဲ။ မင်းအောင်လှိုင်ကို ထွက်ပေါက် ပေးတာပဲ ဆိုတာ တရားဝင်သတင်းစကား ထုတ်ပြန်တာတွေ ကြေညာချက် ထုတ်ပြန်တာတွေ လုပ်ထားပါတယ်။ ဟွန်ဆန်ကို မြန်မာပြည်ကို ခြေမချစေချင်ဘူး ဒါ ကျနော်တို့ပြည်သူတွေရဲ့ သတင်းစကားပါ”
မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၂၆ဝ ကျော်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ ခရီးစဉ်ကို ရှုတ်ချပြီး နည်းမျိုးစုံနဲ့ ဆန့်ကျင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။