စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုနဲ့ တရုတ်အကြွေးနွံ

2019-02-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်
Photo:Myanmar State Counsellor Office

■ ၁၉၈၈ ခုနှစ်နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံကို တရုတ်ရဲ့အကြွေးနွံမှာ နစ်စေခဲ့သလို၊ ရခိုင်အရေးကြောင့် နောက်တချီပြန်လာတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကပဲ အဲဒီအကြွေးနွံအောက်က ရုန်းထွက်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်စေမယ်လို့ မြန်မာ့အရေးလေ့လာသူ ဘာတေးလ်လစ်တနာက သုံးသပ်ပြောဆိုလိုက်ပါတယ်။

RFA ဝိုင်းတော်သူ မခက်မာက ကောက်နှုတ် တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာတရုတ်အပေါ်မှာ အကြွေးအမြောက်အများတင်နေသလို၊ တင်နေတဲ့အကြွေးတွေကလည်း ပိုပြီး တိုးတိုးလာတဲ့အတွက် စိုးရိမ်တဲ့အသံတွေ၊ သတိပေးသံတွေ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဒီရက်ထဲမှာ ကြားလာနေရပါတယ်။ သူတို့က တရုတ်ရဲ့အကြွေးနွံမှာမနစ်သွားစေဖို့အတွက် ပေးစရာရှိတာတွေကို အတတ် နိုင်ဆုံး မြန်မြန်ပေးချေဖို့ NLD အစိုးရကို တိုက်တွန်းနေကြတယ်လို့ ဖော်ပြထားတဲ့ ဘာတေးလ် လစ်တနာရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် ASIA TIMES မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရံငွေဟာ အမေရိကန်ဒေါ်လာ ၆.၃၅ ဘီလီယံပဲရှိတော့ချိန်မှာ အကြွေးကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိပြီး အဲဒီထဲက ၄ ဘီလီယံဟာ တရုတ်ကို ပေးရမှာဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ NLD လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုးက တရုတ်ကိုပေးရမယ့် အကြွေးကို ငွေကြေးအစားဆန်နဲ့ပေးချေဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုပေးချေမယ်ဆိုရင် တရုတ်က လက်ခံမခံဆိုတာကတော့ မသိရသေးပါဘူး။တရုတ်က မြန်နိုင်ငံကိုချေးထားတဲ့ငွေတွေအတွက်အတိုးဟာ ၄.၅ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာနိုင်ငံက ချေးထားသမျှနိုင်ငံခြားချေးငွေတွေထဲမှာ အမြင့်ဆုံးအတိုးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံခြားကြွေးမြီတွေဟာ ၁၉၈၈ ကနေ ၂၀၁၁ ခုနှစ်အကြား၊ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားချိန် စစ်အစိုးရအဆက်ဆက်အုပ်ချုပ်ချိန်မှာ တင်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ ဆယ်စုနှစ် နှစ်ခုကျော်ကာလတွေအတွင်းမှာ မြန်မာနိုင်ငံဟာ အထီးကျန်သီးသန့်ဖြစ်နေခဲ့ပြီး တရုတ်နိုင်ငံသည်သာလျှင် မြန်မာနိုင်ငံကို လိုလိုလားလားငွေချေးတဲ့တခုတည်းသောနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့အကြွေးဝန်ပိခဲ့ရတာဖြစ်ပါတယ်။

အဲဒီအကြွေးတွေထဲမှာ တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကတဆင့် အိန္ဒိယသမုဒ္ဒယာကိုထွက်လို့ရတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ဖို့နဲ့ အဲဒီနေရာနှစ်ခုကို ဆက် သွယ်မယ့် အမြန်ရထားလမ်းဆောက်လုပ်ရေးတွေအတွက် ပူးပေါင်းရင်းနှီးမြုပ်နှံမှုတွေ ပါဝင်ပါတယ်။

၂၀၁၁ ခုနှစ်မှာ စစ်အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ပတ်သက်တဲ့ နိုင်ငံရေးကန့်သတ်ချက်တွေကိုလျော့ချဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့နိုင်ငံခြားကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံရှိပြီး အဲဒီအကြွေးရဲ့ ၉၇ % ဟာ တရုတ်ကိုတင်နေတာဖြစ်တယ်လို့ အစိုးရစာရင်းဇယားတွေမှာ ဖော်ပြထဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ နောက်ထက် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၃၁၀၀ ထပ်တင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် NLD အစိုးရတက်လာချိန်မှာတော့ အစိုးရဟာ တရုတ်တနိုင်ငံထဲကိုအကြွေးတွေ ပုံအောတင်နေ တာကို လျော့ချဖို့အတွက် ဂျပန်နဲ့ အာရှဖွံဖြိုးရေးဘဏ်တို့ကနေ ငွေကိုခွဲပြီး ချေးလာပါတယ်။ ဂျပန်နဲ့ အာရှဖွံဖြိုး ရေးဘဏ်တို့ကအတိုးဟာ တရုတ်ကိုပေးရတဲ့အတိုးထက်လည်း သက်သာသလို ပြန်ဆပ်ရမယ့်စည်းကမ်းသန့် သတ်ချက်တွေကလည်း ပိုကောင်းမွန်ပါတယ်။

မြန်မာအစိုးရက အဲဒီလိုတရုတ်အကြွေးကိုလျော့ချဖို့ကြိုးစားနေချိန်မှာပဲ ရခိုင်ပဋိပက္ခဖြစ်လာပြီး အစိုးရစစ်တပ် ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် သိန်းနဲ့ချီတဲ့မွတ်ဆလင်ဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့အတွက် အနောက်နိုင်ငံ တချိုရဲ့ စီးပွားရေးဒဏ်ခပ်ပိတ်ဆို့မှုတွေကို မြန်မာနိုင်ငံ ပြန်ခံရပြန်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံရဲ့အကြွေးနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုထုတ်ဖော်နေပေမဲ့ အာရှရဲ့ စီးပွားရေးနောက်ပြန်အဆွဲဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ တရုတ်ကလွဲပြီး တခြားရွေးချယ်စရာသိပ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်နေတယ်လို့ ဘာတေးလ်လစ်တနာရဲ့ ဆောင်းပါးမှာဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့