အမ်းမြို့ ဒေသခံ ငါးဦးကို တပ်ကဖမ်းဆီး၊ မိသားစုများ စိုးရိမ်နေ

အောင်သိင်္ခ
2019.11.12
yebook-622.JPG ရေဘုတ်နဲ့ တပ်တောင်ရွာ နေရာပြမြေပုံ
Photo: Google Map

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဂဏာန်းပြင်ကျေးရွာအုပ်စု၊ ရူးကျေးရွာ၊ သလူမော်ကျေးရွာနဲ့ မြေပုံမြို့နယ် ကျောက်ဖျာ အုပ်စု မဒေးတောင်ကျေးရွာက  ၅ ဦးကို မနေ့ကပဲ တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သူတို့ထဲက တစ်ဦးရဲ့ ဇနီးသည်က ပြောပါတယ်။

ရူး - ရေဘုတ် - တပ်တောင်နဲ့ အမ်းမြို့နယ်ထိ ဖောက်လုပ်ထားတဲ့ကားလမ်းမှာ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအမျိုးသမီးက ပြောပါတယ်။

"ကျမယောကျ်ားမှာ အပြစ်မရှိလို့ အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ် ကျမယောကျ်ားက AA နဲ့လည်း အဆက် အသွယ်မရှိ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသားနဲ့ လုပ်စားနေတာဖြစ်လို့ အမြန်ဆုံးပြန်လွတ်စေချင်တယ်"

ဖမ်းဆီးခံသူတွေထဲမှာ ဆိုင်ကယ်ကယ်ရီမောင်းသူ၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေ ပါဝင်ပြီး ရခိုင့်တပ်တော် AA နဲ့ ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ ပြောပါတယ်။

တပ်မတော်က သူတို့ကိုစစ်ဆေးဖို့ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတချို့နဲ့ ရွာလူကြီးက ပြောပါတယ်။  

ရေဘုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ဖမ်းတဲ့နေရာဟာ သူ့ရွာနားမှာဖြစ်တဲ့အတွက်  မိသားစုဝင်တွေက လာရောက်တိုင်ကြားကြတယ်လို့ ပြောပါတယ်။

"မနေ့က ၁၀ နာရီထိုးလောက်ပေါ့ ဖမ်းဆီးတာကတော့ စစ်ကြောင်းကနေ ကျတော်တို့ ရေဘုတ်ရွာနားကို ရောက် လာတာပေါ့၊ အဲမှာဆိုင်ကယ်သွားတဲ့ဟာကို နည်းနည်းအသွားအလာစစ်ဆေးကြည့်တာပေါ့၊ မသင်္ကာစရာတွေဘာတွေ ဖုန်းတွေဘာတွေဖွင့်ကြည့်တာပေါ့ ဘာတွေတွေ့လဲတော့ ကျတော်တို့လည်း မသိရဘူးလေ၊ ကျတော်တို့ဆီမှာ လူပျောက်လာတိုင်ထားတာတော့ ငါးယောက်ရှိတယ်၊ ဆိုင်ကယ်ကတော့ လေးစီးပေါ့၊ ဖမ်းဆီးတဲ့သူတွေကိုတော့ သက်ဆိုင်ရာတပ်ရင်းကနေ ခေါ်သွားတာပေါ့"

ရူးကျေးရွာက  ဦးထွန်းသိန်းဝင်း ဆိုသူဟာ ကျေးရွာကနေ ပျောက်သွားတာ မှန်ပေမယ့် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတာ ဟုတ်၊ မဟုတ် မသိရှိကြောင်း ၊  ရူးစံပြကျေးရွာ ရဲစခန်းကိုတော့ အကြောင်းကြားထားကြောင်း သူက ဆက်ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတာဟာ လုံခြုံရေးလုပ်ငန်းအရ ခေါ်ယူစစ်ဆေးတာ ဖြစ်ဖို့များတယ်လို့ ရူးစံပြကျေးရွာရဲစခန်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"အရပ်သတင်းကိုပဲရနေတာ ကိုယ့်ဆီကို လာပြောတာလာတိုင်တော့ မရှိသေးဘူး၊ သူတို့က ရွာသူ ရွာသားသွားတယ်၊ ရွာလူကြီးသွားတယ်၊ မည်သူတစ်ဦးတစ်ယောက်မျှ အတွေ့မခံသေးတာလေ၊ ဘယ်သူ့ကိုမှ သွားတွေ့လို့ မရဘူးဖြစ် နေတယ်၊ အဲလိုကတော့ လက်ရှိကတော့ မှန်တယ်ဗျ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အမ်းမြို့နယ်ဘက်မှာ ကျေးရွာသား တွေကို တပ်မတော်က ဖမ်းဆီးတာမရှိကြောင်း၊ လုံခြုံရေးအတွက် စစ်ဆေးဖို့ ခေါ်ဆောင်သွားတာမျိုးသာရှိကြောင်း ပြောပါတယ်။

"မဖမ်းဘူး မဖမ်းဘူးနော် ဆိုင်ကယ်နဲ့လာတဲ့ ငါးဦးလည်း ဖမ်းစရာမရှိဘူးနော်၊ မဖမ်းဘူး၊ အေး..လိုအပ်လို့ရှိရင် စစ်ဆေးမေးမြန်းမှု လုပ်ချင်ရင်တော့လုပ်မယ်၊ ဖမ်းတာမရှိဘူး၊ ခင်ဗျားတို့ မေးတဲ့ရွာတွေ အဲမှာမရှိဘူး ကျတော် ကပြောပြတာ ဖမ်းတယ်ဆိုတဲ့ အသုံးအနှုန်းကို ကျတော်က သဘောမကျလို့ ခေါ်ယူပြီးတော့ စစ်ဆေးမေးမြန်း တာလည်းမရှိဘူး၊ အမ်းမြို့နယ်ထဲမှာ ခင်ဗျားပြောတဲ့ ရေဘုတ်ဆိုတဲ့ ရွာလည်းမရှိဘူး၊ အဲဒါတော့ ကျတော် မကြားမိသေးဘူး"

ရွာသား ငါးဦးကို   ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတာကြောင့် မိသားစုက ပိုမိုစိုးရိမ်နေကြကြောင်း၊ ပျောက်ဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး တပ်မတော်က တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိသေးကြောင်း အုပ်ချုပ်ရေးမှူးတချို့က ပြောပါတယ်။

မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က မနေ့ကစတင်ပြီး ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီထဲက ရွာသား ငါးဦးကိုတော့  ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"စစ်ဆေးမေးမြန်းတယ်ဆိုတဲ့ဥစ္စာက ဥပဒေနဲ့မလွတ်ကင်းဘူး၊ ဟုတ်တယ်မို့လားဆိုလို့ရှိရင် AA နဲ့ ဆက်နွယ်မှုရှိတယ်၊ ပတ်သက်မှုရှိတယ်ဆိုရင် သူ့ဟာသူတရားဥပဒေအတိုင်း ရဲလမ်းကြောင်းအတိုင်းပဲသွားမှာပေါ့၊ လိုအပ်တဲ့စစ်ဆေးမှုတွေ ရှိနေတာပေါ့၊ ဒါပဲရှိတယ် ကျတော်တို့လိုအပ်တဲ့အဆင့်အထိရတယ်ဆိုလို့ရှိရင် ကျတော်တို့ဘာမှဆက်မလုပ်ဘူး၊ ကျတော်တို့နယ်မြေရှင်းလင်းရေးတော့လုပ်နေမှာပဲလေ၊ အဲပတ်ချာလည်မှာလည်း တပ်တွေရှိကောင်းရှိမှာပဲ၊ တပ်တွေက ဟိုသွားဒီသွား လျှောက်သွားနေတာ"

ပြန်လွတ်လာသူ သုံးဦးမှာ တစ်ဦးဖြစ်တဲ့ ဦးမောင်သန်းမြင့်ဆိုသူဟာ တပ်မတော်က စစ်ဆေးချိန်မှာ AA ကို ရိက္ခာပို့ဆောင်မှု ရှိ၊ မရှိ မေးမြန်းပြီး ရိုက်နှက်ခဲ့ကြောင်း၊ ဒဏ်ရာဟာ  စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မင်းကတော်တော်ခေါင်းမာတဲ့ကောင်ပဲဆိုပြီးတော့ ကျောက်ခဲနဲ့ခေါင်းကိုထုတာ အဲဒီကျောက်တုံးက လုံးလုံးကြီးမဟုတ်ဘူး အရှည်တစ်ပေသာသာလောက်ရှိတယ်၊ အဲဒီကျောက်တုံးကြီးရယ် ရိုက်ခဲ့တဲ့တုတ်တွေရယ် ကျတော်တို့သိမ်းထားပါတယ်၊ တောဆေးအုံဆေးနဲ့ အတတ်နိုင်ဆုံး ကျတော်တို့လုပ်နေတာပေါ့ သူကဒီချိန်ထိ အစာလည်းမစားနိုင်သေးဘူး၊ အတွင်းမှာများ တစ်ခုခုနာနေသလားဆိုပြီးတော့ ဆိုးရိမ်နေရတဲ့ အနေအထားပေါ့၊ ဆေးရုံပို့ဖို့ကတော့ ကျတော်တို့က သူတို့ရဲ့ ခွင့်ပြုချက်ရရင်တော့ ပို့လို့ရမယ်၊ ခွင့်ပြုချက်မရရင်တော့ ပို့လို့မရဘူး အဲဒီစစ်တပ်ကိုသွားမပြောရဲတဲ့ အနေအထားဖြစ်နေတယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်အနေနဲ့ ဖမ်းဆီးထားသူတွေကို ရိုက်နှက်စစ်ဆေးတာ မရှိကြောင်း RFA ကို မနေ့က ပြောထားပါတယ်။

တပ်မတော်က မနေ့က မနက်ပိုင်းကစတင်ပြီး ရွာသာယာကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ ရွာတွင်းရွာအပြင် ဝိုင်းထားပြီး   တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းနဲ့    တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တယ် လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရွာသာယာကျေးရွာကို ငါးလာရောင်းတဲ့ ဝက်ရူးကျေးရွာက လင်မယားနှစ်ဦး ယောချောင်းအတွင်း စက်လှေနဲ့ သွားလာနေချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် အမျိုးသမီးရဲ့ ဘယ်ဘက်ရင်အုံ ကျည်ထိပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးတဲ့အရပ်သားဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးလို့ ဒေသခံတချို့က ပြောပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးတဲ့အပေါ် AA ရခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလိုပြောပါတယ်။

"ပြောမယ်ဆိုလို့ရှိရင် လူမျိုးရေးအရ ပတ်သက်နေပြီးတော့ ဒါမတရားပစ်သတ်တာ ဒါလူမျိုးရေးအရပါ၊ ဒါက မတရားပစ်သတ်နေတာဖြစ်တယ်၊ အဲဒါကြောင့်မို့လို့ ဒီကိစ္စကိုတော့ ကျတော်တို့ ရခိုင်လူမျိုးတွေအားလုံးကိုလည်း လုံးဝမကျေနပ်ဘူး ဘာမှအပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်သတ်တဲ့ တာဝန်ရှိတဲ့တပ်ရင်းပေါ့ဗျာ၊ တပ်ရင်းပဲဖြစ်ဖြစ် တပ်မပဲဖြစ်ဖြစ် ကျတော်တို့ဘက်ကတော့ လိုအပ်ရင် လိုအပ်သလို လက်တုံ့ပြန်သွားဖို့တော့ရှိတယ်"

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွားတွေကြောင့် သေဆုံးသူ အရပ်သား ၉၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးရှိနေပြီးဖြစ်ကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။