A-H1N1 နဲ့ သေဆုံးသူ ကိုးဦးအထိရှိနေ


2019.06.27
h1n1-mask-622.JPG ရာသီတုတ်ကွေးရောဂါ ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတပ်ဆင်ထားစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးလို့ခေါ်တဲ့ A-H1N1 ရောဂါပိုးကြောင့် မနေ့ကအထိ သေဆုံးသူ ကိုးဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ AH1N1 ရောဂါပိုး စစ်ဆေးခံထားရသူ ၂၁၂ ယောက်မှာ ရောဂါပိုးတွေ့ရှိသူ ၄၄ ယောက်ရှိပြီး အများဆုံးက ရန်ကုန်တိုင်းကဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာ ဒေါ်ဖြူဖြူအေး က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဇွန်လ ၂၀ ရက်နေ့အထိ AH1N1 ရောဂါဖြစ်ပွားသူ ၁၆ ရှိခဲ့ပြီး ရန်ကုန်တိုင်းမှာ ငါးဦးနဲ့ စစ်ကိုင်းတိုင်းမှာ တစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွင်းမှာတင်ပဲ နောက်ထပ်သေဆုံးသူ ဇွန်လ ၂၆ ရက်နေ့က ကလေးငယ်တစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး နှစ်ဦး ထပ်တိုးခဲ့ပြီး ဒီကနေ့ နောက်ထပ်တစ်ဦး သေဆုံးခဲ့တာဖြစ်လို့ စုစုပေါင်း ၁၀ ဦးအထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ သေဆုံးတဲ့ ကလေးနဲ့ ပတ်သက်လို့တော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာနက ညွှန်ကြားရေးမှုး ဒေါက်တာ ဒေါ်ဖြူဖြူအေး က သူ့အနေနဲ့ သတင်းအချက်အလက် မရသေးတာကြောင့် အတည်ပြုမပေးနိုင်သေးဘူးလို့ ပြောပါတယ်။

လက်ရှိအခြေအနေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ဖြူဖြူအေး က အခုလို ပြောပါတယ်။

‘’ဒီ H1N1 ကို ၂၀၀၉ ခုနှစ်တုန်းက ဝက်တုပ်ကွေးဆိုပြီးတွေ့တယ်လေ၊ ၂၀၁၀ သြဂုတ်မှာတော့ ဝက်တုပ်ကွေး မဟုတ်တော့ဘူး ရာသီတုပ်ကွေးအနေနဲ့ပဲ တွေ့ရှိတယ်။ H1n1 က ရာသီတုပ်ကွေးပဲ၊ အခု ကျွန်မတို့ဆီ မှာဖြစ်နေတာ အဲဒါပဲတွေ့နေတာ၊ အနေအထားက အရမ်းအရေးတစ်ကြီး မဟုတ်တဲ့အခါကျတော့ နေ့တဓူဝ မဖော်ပြဘူး ၂၀၁၇ တုန်းကတော့ လူတွေလည်းအရမ်းလန့်နေကြတယ်၊ အခုကတော့ အခါအားလျော်စွာပဲ ဖော်ပြတာဖြစ်ပါတယ်’’

တုပ်ကွေးနဲ့ပတ်သက်လို့ ၄ မျိုးရှိပြီး ရာသီတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး၊ ဗိုင်းရပ်စ်တုပ်ကွေးဆိုပြီး ရှိတဲ့အထဲမှာ လက်ရှိမြန်မာနိုင်ငံမှာတော့ ဗိုင်းရပ်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးနှစ်မျိုးသာဖြစ်ပွားပြီး လတ်တလော သာမန်အဆင့်သာရှိနေဆဲပဲလို့ ပြောပါတယ်။

ရာသီတုပ်ကွေးမှာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး သေဆုံးသူအများစုဟာ အသက် အရွယ်ကြီးရင့်သူတွေ၊ အသက်ငယ်လွန်းသူတွေ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှု လမ်းကြောင်းရောဂါစတဲ့ နာတာရှည်ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

H1N1 ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေးအနေနဲ့တွေ့ရှိခဲ့ပြီး ၂၀၁၀ ခုနစ် သြဂုတ်လမှာ ဝက်တုပ်ကွေး အနေနဲ့မဟုတ်ဘဲ ရာသီတုပ်ကွေးအဆင့်သာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေါက်တာ ဒေါ်ဖြူဖြူအေးက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ၅ လကျော်အတွင်း တစ်နိုင်ငံလုံးမှာ ၁၂ ယောက် သေဆုံးခဲ့ကာ ရန်ကုန်တိုင်းမှာ ရှစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာ ဒေါ်နေရီရီလင်း က RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ဇွန်လ ၁၅ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ ပြောတာဖြစ်ပြီး ဖြစ်ပွားသူ ၃ ထောင်ကျော်မှာ ၁၂ ဦး သေဆုံးခဲ့တာပါ။ ရန်ကုန်တိုင်းမှာ ၇၀၀ နီးပါးလောက်ဖြစ်ပွားပြီး ရှစ်ဦး သေဆုံးခဲ့ကာ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ဒုတိယနဲ့ ဧရာဝတီတိုင်းက တတိယ ဖြစ်နေပါတယ်။

သွေးလွန်တုပ်ကွေးကတော့ ခြင်ကြောင့်ဖြစ်ပွားတာဖြစ်ပြီး အရင်က ကလေးသူငယ်တွေမှာ အဖြစ်များပေမယ့်လည်း အခုအခါ အသက်အရွယ်မရွေးဖြစ်ပွားနေတာလည်းရှိနေတယ်လို့ ပြောပါတယ်။

ပိုးလောက်လန်း မပေါက်ပွားစေဖို့ အရေးကြီးပြီး မိမိအိမ်ပတ်ဝန်းကျင်နဲ့ အိမ်တွင်း ခြင်မပေါက်ပွားဖို့ ဂရုစိုက်ဖို့ လိုကြောင်း ဒေါက်တာဒေါ်နေရီရီလင်း က ပြောပါတယ်။

ခုလိုမိုးတွင်းကာလ တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးထားတာက ရောဂါဖြစ်ပွားမှုကို ၈၀ ရာခိုင်နှုန်းလောက်တော့ ကာကွယ်ထားနိုင်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးစောဝင်း က ပြောပါတယ်။

’တုပ်ကွေးဖြစ်တဲ့ပိုးက A ရယ် B ရယ် C ဆိုတာရှိပါတယ်၊ ၃ မျိုးဆေးဟာ A တစ်မျိုး B တစ်မျိုးပါတယ်၊ ၄ မျိုးဆေး ဆိုတာ Aနှစ်မျိုး B နှစ်မျိုးပါပါတယ်၊ အရေးကြီးတဲ့ AH1N1 ကတော့ ၃ မျိုးမှာဖြစ်ဖြစ် ၄ မျိုးမှာ ဖြစ်ဖြစ်ပါပါတယ်၊ ကာကွယ်ဆေးထိုးတာလည်း ၈၀ ရာခိုင်နှုန်းလောက်က ကာကွယ်ပေးပါတယ်၊ ဒါပေမဲ့လည်း ဆေးတွေရှားပါး ပြတ်လပ်တာတွေလည်း ရှိနိုင်တာပဲလေ’’

လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါကြောင့် ဖြစ်ပွားမှုနှုန်းက သာမန်လောက်သာရှိသေးပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရောက်သေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။