အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့နဲ့ စစ်ကောင်စီဆက်ဆံမှု

မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၂၃ ရက်က နှစ်ရက်ကြာလာရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Harsh Vardhan Shringla ရဲ့ ခရီးစဉ်ဟာ မြန်မာမှာ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းအပြီး အိန္ဒိယအစိုးရ ဝန်ကြီးတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။ မြန်မာနဲ့ အိန္ဒိယဟာ နယ်စပ်ချင်း ၁၇၀၀ ကီလိုမီတာနီးပါး ဆက်စပ်နေပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးဟာ အိန္ဒိယအတွက်- အထူးသဖြင့် အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း ဒေသတည်ငြိမ်ရေး အတွက် အရေးကြီးပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင်း ဖြစ်ရပ်တွေဟာ အိန္ဒိယရဲ့နယ်စပ်ဒေသတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Shringla ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အကြီးတန်းအရာရှိတွေ၊ အရပ်ဘက် ခေါင်းဆောင်တွေ NLD အပါအဝင် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိဖို့၊ နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ အရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့၊ အကြမ်းဖက်မှုအားလုံးကို လုံးဝရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံတည်ငြိမ်ရေးဟာ အိန္ဒိယအတွက် အရေးကြီးသလို အိန္ဒိယအစိုးရရဲ့ အနေအထားကလည်း အာဆီယံအဖွဲ့ရဲ့အနေအထား ပိုမို ကျယ်ပြန့်လာရေးအပေါ် ဗဟိုပြုနေပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ဂျကာတာဆွေးနွေးပွဲမှာ မြန်မာနဲ့ပတ်သက်ပြီး အချက်ငါးချက်ပါ သဘောတူညီချက် ရရှိခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ သက်ဆိုင်ရာအဖွဲ့အားလုံးကြား အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းဖို့၊ ဒီအတွက် အာဆီယံကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

ဒီအတွင်း အိန္ဒိယက COVID-19 တိုက်ဖျက်ရေးအပါအဝင် လူသားချင်းစာနာကူညီရေးတွေ ဆက်လက်ဆောင်ရွက်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Shringla ရဲ ခရီးစဉ်အတွင်း အိန္ဒိယလုပ် COVID-19 ကာကွယ်ဆေး တစ်သန်းကျော် မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံအတွက် ဆန်နဲ့ဂျုံ တန်ချိန် တစ်သောင်း ပေးလှူဖို့လည်း အိန္ဒိယအစိုးရက ကြေညာခဲ့ပါတယ်။

အိန္ဒိယရဲ့လုံခြုံရေးဆိုင်ရာပြဿနာမှာ မြန်မာနိုင်ငံက အရေးပါတဲ့နေရာမှာ ရှိနေကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Shringla က ပြောပါတယ်။ မကြာခင်ကပဲ မဏိပူပြည်နယ် မြန်မာနဲ့နယ်စပ်အနီးက ခြုံခိုတိုက်ခိုက်မှုတခုမှာ အာသံရိုင်ဖယ်တပ်အရာရှိတစ်ဦးနဲ့ သူ့ရဲ့ဇနီးနဲ့ သားငယ် အပါအဝင် တပ်သားလေးဦး သေဆုံးခဲ့ပါတယ်။

ဒီအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အခု သီတင်းပတ်ကုန်အတွင်း နေပြည်တော် အာဏာသိမ်းစစ်ကောင်စီရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် နှစ်ရက်တာ လာရောက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကနေ ဘယ်လိုရလဒ်တွေပဲ ထွက်ပေါ်သည်ဖြစ်စေ အာဆီယံလုပ်ငန်းစဉ်ရဲ့အနာဂတ်- အထူးသဖြင့် အချက် ငါးချက်ပါ အာဆီယံ သဘောတူညီချက်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းအပြီး အာဆီယံအပေါ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခန်းကဏ္ဍအဖြစ် ရှုမြင် မျှော်လင့်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် ဘရူနိုင်းနိုင်ငံကနေ ကမ္ဘောဒီးယားကို လွှဲပြောင်းခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံလိုကြောင်း၊ လာမယ့် အာဆီယံဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်စေလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းကတော့ အချက် ငါးချက်ပါ အာဆီယံ သဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက မလိုက်နာတဲ့အတွက် ဆွေးနွေးပွဲတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ မြန်မာကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

အခုထိတော့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အဓိက ဆွေးနွေးပွဲတွေ ဖြစ်တဲ့ ၃၈ နဲ့ ၃၉ ကြိမ်မြောက် အာဆီယံ ညီလာခံတွေနဲ့ အာဆီယံ-တရုတ် အကြိမ် ၃ဝ မြောက် အထူးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်မရခဲ့ပါဘူး။