လောက်ကိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ တစ်ဆယ်ကျော် ဒဏ်ရာရ
2024.07.15
ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ တုံချိန်ဒေသကို ဇူလိုင်လ ၁၄ ရက်နေ့ မနက်နှစ်နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ဆယ်ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။
လောက်ကိုင်မြို့အဝင် ကြာပန်းအဝိုင်းအနီးက Royal Lever Hotel၊ Dongcheng International Hotel (တုံချိန် အင်တာနေရှင်နယ်ဟိုတယ်)၊ Fully Light International Hotel နဲ့ လူနေအိမ်တချို့ကို ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ မိနစ်နှစ်ဆယ်ကျော် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ထိခိုက်မှုဖြစ်တဲ့နေရာကို အပြင်လူဝင်မရအောင် တားမြစ်ထားတာကြောင့် အသေးစိတ်တော့ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့မှာ ကားရောင်းဝယ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဟိုတယ်တွေကတော့ တော်တော် ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေက ဗုံးစတွေနဲ့ မှန်စတွေ မှန်လို့ ဒဏ်ရာရကြတာ များတယ်။ ပစ်ခတ်ချိန်တုန်းကတော့ နားတွေပါ အူသွားတာ။ ကျွန်တော်တို့ နေတဲ့နေရာနဲ့ တော်တော်ဝေးတာတောင် ပေါက်ကွဲသံတွေက တော်တော်ကျယ်တယ်။ အခု ဖြစ်သွားတဲ့နေရာတွေကို အပြင်လူ မဝင်ရလို့ တားမြစ်ထားတော့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး"
(MNDAA) ရဲ့ The KoKang သတင်းဌာနကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီအောရွာက အသက် ၃၇ နှစ်အရွယ် Wang ဆိုသူ သေဆုံးခဲ့ပြီး ပြည်သူနှစ်ဆယ်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသလို နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လားရှိုးမြို့အနီးကို (MNDAA) က စစ်ရေးအရ ခြိမ်းခြောက်နေတာကြောင့် လောက်ကိုင်ကို လက်တုံ့ပြန်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
"နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်လာတယ်။ နောက်တစ်ခုက သူ့ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ လားရှိုးကို အဓိက ဦးတည်ပြီးတော့ စစ်ကြောင်းလေးကြာင်းနဲ့ တိုက်ခိုက်နေတဲ့ အနေအထားကြောင့် အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ လောက်ကိုင်ကို ဗုံးကြဲတယ်လို့ ယူဆပါတယ်"
MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ လူဦးရေနှစ်ထောင်ကျော် ပြန်လည်နေထိုင်နေကြပြီး လောက်ကိုင်ဒေသခံမဟုတ်သူတွေက MNDAA ထုတ်ပေးတဲ့ စမတ်ကတ်နဲ့ ယာယီနေထိုင်ခွင့်သာ ရကြတာပါ။
လောင်ကိုင်ဒေသခံတွေဟာ လက်ရှိမှာ စစ်ဘေးရှောင်ဖို့ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို စောင့်နေကြတယ်လို့ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့မှာ ကားရောင်းဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့တော့ မြို့ထဲမှာ ကုန်စုံဆိုင်တွေတောင် မဖွင့်ကြဘူး။ အခြေအနေကို စောင့်ကြည့်နေကြတာပေါ့။ စစ်ရှောင်ဖို့လည်း အထုပ်တွေ ပြင်ထားတယ်။ ဒီမှာကလည်း ကိုယ့်မြို့လို ရှောင်ချင်သလို ရှောင်လို့မရဘူးဆိုတော့ အာဏာပိုင်တွေ ပြောမှပဲရှောင်ရမှာ။ ပြောရမယ်ဆို လေယာဉ်သံပဲ နားစွင့်နေရတာပေါ့ဗျာ"
ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ဖြစ်မှာစိုးရိမ်နေကြသလို မြို့တွင်းမှာလည်း လူသွားလူလာ မရှိဘဲ လုပ်ငန်းခွင်တွေပါ ပိတ်ထားတယ်လို့ ဆိုပါတယ်။
"စစ်ရှောင်ဖို့လည်း အထုပ်တွေ ပြင်ထားတယ်။ ဒီမှာကလည်း ကိုယ့်မြို့လို ရှောင်ချင်သလို ရှောင်လို့မရဘူးဆိုတော့ အာဏာပိုင်တွေ ပြောမှပဲရှောင်ရမှာ"
စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ MNDAA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ အဲဒီ ဟိုတယ်တွေမှာ နေထိုင်နေတာကြောင့် လေကြောင်းနဲ့ပစ်ခဲ့တာလို့ ရေးသားထားကြပါတယ်။
လောက်ကိုင်မြို့ဟာ ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ်အခြေအနေတွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ ပြင်ပဆက်ဆံရေးဌာနမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
လောက်ကိုင်မြို့ကို ကိုကန့်တပ် (MNDAA) က "၁၀၂၇ စစ်ဆင်ရေး" ပထမပိုင်း နှစ်လကျော်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
ကိုးကန့်တပ် (MNDAA) ဟာ လောက်ကိုင်၊ ချင်ရွှေဟော်၊ သိန္နီ၊ ကွမ်လုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ ကုန်းကြမ်းမြို့တွေကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေကို အကောင်အထည်ဖော်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေး ကျင်းပဖို့ရှိပြီး တရုတ်နိုင်ငံရဲ့ စိုးရိမ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၂ နာရီကနေ ၁၈ ရက်နေ့အထိ လေးရက်ကြာ အပစ်ရပ်ထားမယ်လို့ မနေ့က တရုတ်ဘာသာနဲ့ထုတ်ပြန်တဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(မှတ်ချက် - ဒေသခံတစ်ဦးနှင့် နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်တို့၏ ပြောဆိုချက်များကို ထပ်မံ ဖြည့်စွက်ထားပါသည်။)