အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို သိမ်းဖို့ ခြေလှမ်းစပြီလို့ BWM ပြော
2024.09.03
စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ထားတဲ့ မန္တလေးနန်းတွင်းထဲကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Shadow Mandalay အဖွဲ့ က ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၄ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့က စီမံတာလို့ ကြေညာထားပါတယ်။
BWM အဖွဲ့ကို RFA က ဆက်သွယ်တဲ့အခါ မန္တလေးနန်းတွင်းထဲက အဆောက်အအုံ ငါးလုံး၊ အရာရှိ သုံးဦးအပါအဝင် လူ ခုနစ်ဦး သေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရခဲ့တယ်လို့ စာနဲ့အကြောင်းပြန်ပါတယ်။
ဒီထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းကတော့ လပခ တိုင်းစစ်ဌာနချုပ်ဖွဲ့စည်းထားတဲ့ပုံစံအရ မြို့ရိုးအတွင်း ရှော့တိုက်ဒုံး ကျမယ်ဆိုရင် ထိခိုက်မှုရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြို့ရိုးအတွင်းထဲမှာ တိုင်းစစ်ဌာနချုပ်တွေရော တပ်ရင်းတွေရော တပ်တွေအများကြီး အထဲမှာ စုပြီးနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ရှော့တိုက်ဒုံးက ကျုံးမြို့ရိုးကိုကျော်ပြီး အတွင်းထဲကိုကျတယ်ဆိုရင်တော့ ထိခိုက်မှုက ရှိမှာသေချာတယ်။ ပြင်ဦးလွင်ကို ကောင်းကောင်းသိမ်းနိုင်ရင် လပခ ဆိုတဲ့ အနေအထားက အချိန်မရွေး ခြိမ်းခြောက်နိုင်မယ်။ လပခ တိုင်းအတွင်းထဲမှာရှိနေတဲ့လူတွေအတွက် ပိုပြီးစိုးရိမ်မှု မြင့်တက်သွားလိမ့်မယ်”
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)အခြေစိုက်ထားတဲ့ မန္တလေးနန်းတွင်းအပြင် လမ်း ၈ဝ၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြား၊ ၈၉ လမ်း၊ အမှတ် ၄ ရဲစခန်းအနား လူနေရပ်ကွက်နေရာ သုံးခုလောက်မှာလည်း ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲတာတွေကတော့ သူတို့အဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ BWM အဖွဲ့က RFA ကို ပြောပါတယ်။ သူတို့အဖွဲ့ က နန်းတွင်းထဲကို ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ရင်း အရပ်သားတွေကို ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ လူနေရပ်ကွက်ထဲ တိုက်ခိုက်မှုတွေကိုလည်း PDF တွေက လုပ်ခဲ့တာလို့ ရေးသားနေကြပါတယ်။
အရပ်သားထိခိုက်ဒဏ်ရာရတာ ရှိ မရှိကို RFA က စုံစမ်းနေဆဲဖြစ်ပြီး လူနေရပ်ကွက်တွေ တိုက်ခိုက်ခံရတဲ့အပေါ် နှစ်ဖက်စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ RFA က အတည်ပြုနိုင်တာ မရှိသေးပါဘူး။
မန္တလေးမြို့ပေါ် တိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်
နေပြည်တော်လေတပ်တိုက်ခိုက်မှု ၃၄ ဦး သေဆုံးခဲ့ကြောင်း BWM ထုတ်ပြန်
နေပြည်တော်လေတပ် တိုက်ခိုက်ခံရမှု လူ ၁၇ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
လပခ ကိုတိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ Brave Warriors for Myanmar-BWM အဖွဲ့ဟာ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး အခုနှစ်ထဲမှာပဲ နေပြည်တော်က အေလာလေတပ်စခန်းကို နှစ်ကြိမ်၊ တောင်ငူလေတပ်စခန်းကို သုံးကြိမ်၊ တံတားဦးလေတပ်စခန်းကို တစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းသာမက မြောက်ပိုင်းအထိပါ စစ်ရေးသက်ရောက်မှုတွေရှိနိုင်တာကြောင့် ဒီတိုက်ခိုက်မှုဟာ တိုင်းစစ်ဌာနချုပ်ကို သိမ်းနိုင်ဖို့ ခြေလှမ်းစတာ ဖြစ်ပြီး ရှေ့လျှောက် ထိရောက်တဲ့ ပစ်မှတ်တွေကို ဆက်တိုက်သွားဖို့ရှိတယ်လို့ RFA ကို ပြောပါတယ်။
စစ်ရေး-နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မန္တလေးမြို့သိမ်းပိုက်နိုင်ရေးမှာ TNLA လို တိုင်းရင်းသားအဖွဲ့တွေရဲ့ ကျောထောက်နောက်ခံအကူအညီတွေရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“ရှမ်း-မန်း စစ်ဆင်ရေးမန္တလေးမြို့တော်သိမ်းပိုက်ရေးဆိုတာက မန္တလေး PDF ကိုခေါင်းစီးတပ်ထားပေမဲ့ TNLA အဖွဲ့တွေလို အဖွဲ့မျိုးတွေရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုမရှိသေးဘဲနဲ့ မဖြစ်နိုင်ပါဘူး။ အခုရှိနေတဲ့ အခြေအနေနဲ့ကတော့ မလုံလောက်သေးဘူး။ အင်အားစုဖွဲ့မှုတွေ အချိန်တစ်ချိန်ယူပြီးတော့လုပ်ရလိမ့်မယ်”
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ ရှမ်း-မန်း စစ်ဆင်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့ကလည်း မန္တလေးမြို့ နန်းတော်နဲ့ ကျုံးတောင်ဘက် နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်ရှိ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းစတဲ့ မြို့တွေကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားရပြီး ပြင်ဦးလွင်မြို့ဟာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံနေရပါတယ်။
ဒါကြောင့် စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ကို လုံခြုံရေးတင်းကျပ်ထားပြီး နေရာအတော်များများမှာ တပ်စွဲထားတဲ့ကြားက တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ ဇွန်လကုန်လောက်မှာ သတင်းထုတ်ပြန်ထားပါတယ်။