လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ရွေးချယ်ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တရားဝင်နိုင်ငံရေးပါတီ ၉၀ ကျော်ထဲက ပါတီ ၅၉ ခုဟာ မေလက ပထမဆုံးအကြိမ် နေပြည်တော်မှာ တွေ့ဆုံပြီး PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလထဲမှာလည်း နေပြည်တော်မှာပဲ ဒုတိယအကြိမ် နိုင်ငံရေးပါတီ ၅၃ ပါတီနဲ့ ထပ်မံဆွေးနွေး ခဲ့ကြသလို ဒီဇင်ဘာလမှာတော့ နိုင်ငံရေးပါတီ ၆၂ ပါနဲ့ တတိယအကြိမ် ရန်ကုန်မြို့မှာ ဆွေးနွေးပွဲ ထပ်လုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို မဲမသမာ မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ဖျက်ခဲ့ပြီး ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅ ရာခိုင်နှုန်း လွှတ်တော်မှာ နေရာယူထားတာထက်ပိုရနိုင်ဖို့ PR စနစ်နဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တဖြည်းဖြည်း ပုံဖော်လာနေတယ်လို့ ရှုမြင်သူတွေရှိပါတယ်။
အနိုင်ရပါတီဝင်တွေ ဖမ်းဆီးထောင်ချထားပြီးမှ လုပ်မယ့်ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“အဓိက ပြည်သူတွေက တကယ်တမ်းထောက်ခံခဲ့တဲ့ ပြည်သူတွေကလိုလားတဲ့ NLD ပါတီကို အဓိက တာဝန်ရှိတဲ့လူတွေကိုလည်း ဖမ်းဆီးထားတယ်။ အောက်ခြေ အခြေခံပါတီရုံးတွေနဲ့ အခြေခံပါတီဝင်တွေ အထိ အခုအပြီးသတ် ချေမှုန်းနေတယ်ဆိုတဲ့ပုံစံမျိုးကို လုပ်ထားပြီးတော့မှ ကျင်းပမယ်ဆိုတဲ့ အနေအထား မျိုးဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်လာစရာအကြောင်းမရှိဘူး လို့ တွက်တယ်။ နောက် လက်ရှိရှိနေတဲ့ နိုင်ငံရဲ့အနေအထားမျိုးအရ ရွေးကောက်ပွဲတစ်ခုကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်နိုင်တဲ့ အနေအထားအခင်းအကျင်း လုံးဝမရှိဘဲနဲ့ ပြောဆိုနေတဲ့ အခြေ အမြစ်မရှိတဲ့ ဦးတည်ချက်နဲ့ ပြောဆိုချက်တွေပဲလို့ သုံးသပ်တယ်၊ မြန်မာနိုင်ငံတစ်ဝန်းမှာ အကုန်လုံး စစ်ရှောင်တွေနဲ့ သွားပြီးတော့ ဘယ်လိုနည်းနဲ့မှ စနစ်ကျတဲ့ မဲစာရင်း လုပ်နိုင်လောက်အောင် တည်ငြိမ် အေးချမ်းနေတဲ့ အခြေအနေမရှိဘဲ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ရေပေါ်မှာ အရုပ်ရေးတာပဲလို့ ဒီလိုသုံးသပ်ပါတယ်”
ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီမှာ လုံးဝမရှိသလို ဥပဒေနဲ့လည်း မညီဘူးလို့ ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။
စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ PR စနစ်ဟာ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။
“PR စနစ်ကတော့ နဂိုကတည်းက ကျနော်တို့ မြန်မာနိုင်ငံ အခြေအနေနဲ့ဆိုရင် အသင့်တော်ဆုံးစနစ်လို့ မြင်တာပေါ့လေ။ FPTP စနစ်က မဲဆန္ဒရှင် ၄၀ ရာခိုင်နှုန်းကျော်လောက်ကိုပဲ သူကကိုယ်စားပြုတာပေါ့။ PR စနစ်ကတော့ မဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းကျော်ရဲ့ ဆန္ဒသဘောထားကို ကိုယ်စားပြုတဲ့ အနေအထား မျိုးလေး ကျနော်တို့တွေ့ရှိရတယ်။ နောက်တစ်ခါကျတော့ ပါတီတစ်ခုတည်းက ကြီးစိုးတဲ့အခြေအနေ မျိုးကို ကျနော်တို့ရှောင်လွှဲနိုင်တယ်။ ပါတီတစ်ခုတည်းက အားသာတဲ့ အင်အားတောင့်တောင့်တင်း တင်းရှိတဲ့ နေရာတွေကျပြန်တော့လည်း တချို့ပါတီတွေက PR စနစ်ကျင့်သုံးမှာကို မကြိုက်တာတွေလည်း ရှိနိုင်တာပါ့လေ၊ သို့သော်လည်းပဲ စနစ်တိုင်းမှာတော့ အားသာချက် အားနည်းချက်ကတော့ရှိနေမှာပဲ၊ ကျနော်တို့ပါတီအနေနဲ့က PR စနစ် ကျင့်သုံးတဲ့အပေါ်မှာ သဘောတူညီကြောင်း ကျင့်သုံးသင့်ကြောင်းကို သဘောထားမှတ်ချက်ပေးထားပြီးဖြစ်တယ်၊ ဒီကျင့်သုံးတဲ့စနစ်အတိုင်းလည်း ကျနော်တို့ ပါဝင်ယှဉ်ပြိုင် နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်သွားမယ်”
ရွေးကောက်ပွဲကော်မရှင်ရဲ့ PR စနစ်ဆွေးနွေးပွဲကို တက်ရောက်တဲ့ နိုင်ငံရေးပါတီတွေကတော့ ဒီစနစ်အပေါ် သဘောတူ ထောက်ခံကြတဲ့အပြင် မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ပုံသဏ္ဍာန်ကို အစုအဖွဲ့တွေနဲ့ တက်တက် ကြွကြွ ပါဝင်ဆွေးနွေးတိုင်ပင်ပြီး ကော်မရှင်ကို ပြန်တင်ပြကြတယ်လို့လည်း ဒေါက်တာနန္ဒာလှမြင့် က ဆိုပါတယ်။
UEC ရဲ့ PR စနစ်ဆွေးနွေးပွဲကိုတက်တဲ့ ပါတီတွေထဲမှာ ရွေးကောက်ပွဲတိုင်း အနိုင်မရတဲ့ပါတီတွေပဲ အများဆုံးပါဝင်ပြီး တစ်နိုင်ငံလုံးနီးပါး အနိုင်ရထားတဲ့ NLD ပါတီနဲ့ SNLD လို တိုင်းရင်းသားပြည်နယ်တွေမှာ မဲအပြတ်အသတ်အနိုင်ရရှိထားတဲ့ တိုင်းရင်းသားပါတီကြီးတွေ မပါဝင်ပါဘူး။
နိုင်ငံရေးပါတီတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်ဖို့ PR စနစ်လိုတယ်လို့ ယူဆတာကြောင့် ဒါကိုလုပ်မှာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
“PR စနစ်နဲ့ လုပ်မယ့်ရွေးကောက်ပွဲက အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာ ပြောဖို့တော့ စောပါ သေးတယ်။ ဒါတွေကို အကျေအလည်ညှိနှိုင်းနေဆဲပဲဖြစ်ပါတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ဒီမြန်မာနိုင်ငံမှာ အဖွဲ့အစည်း အမျိုးမျိုးကွဲပြားနေတယ်။ နိုင်ငံရေးပါတီတွေလည်း အများကြီးပါပဲ။ အားလုံးသည် နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးမှာ အားလုံးပါဝင်နိုင်ဖို့ဆိုတာက ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စား ပြုနိုင်ဖို့က PR စနစ် လိုတယ်လို့ ကျနော်တို့သုံးသပ်တဲ့အတွက် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်”
PR စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အားလုံးမှာ ကျင့်သုံးမှာမဟုတ်ဘဲ လွှတ်တော် တစ်ရပ်မှာပဲ ကျင့်သုံးဖို့ သုံးသပ်နေပြီး အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
စစ်ကောင်စီဘက်က နိုင်ငံရေးပါတီအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အမြဲဖိတ်ခေါ်နေသလို NLD ပါတီဟာလည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဋ္ဌ တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ အပါအဝင် NLD ပါတီက ၄၈၉ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ ဒီအတောအတွင်း နိုင်ငံတစ်ဝှမ်းက NLD ရုံးတွေ တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရတာ ၈၆ ကြိမ် အထိရှိခဲ့ပြီး ပါတီဝင်နဲ့ ပါတီထောက်ခံသူ ၇၇ ယောက်ရဲ့ နေအိမ်တွေဟာလည်း ချိတ်ပိတ်ခံခဲ့ရတယ်လို့ NLD ပါတီက ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်မှာလုပ်ဖို့ စီစဉ်နေတဲ့ PR စနစ်ရွေးကောက်ပွဲမှာ NLD ပါတီကိုလည်း ပါစေချင် နေတာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
တိုင်းပြည်မတည်ငြိမ်တဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ အလုပ်မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က ယူဆပါတယ်။
“တိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ စစ်ပွဲတွေဖြစ်ပြီးတော့ ဘယ်မှသွားလို့မရတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်မယ် ဘာညာကြေညာတယ်ဆိုတာ ကျနော်ကတော့ နိုင်ငံရေးအရ လှန့်တာလို့ပဲ ထင်ပါတယ်။ တိုင်းပြည်နဲ့ကိုက်ကိုက် မကိုက်ကိုက် ကိုယ်လုပ်ချင်ရင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ လုပ်လို့တော့ ဖြစ်တာပေါ့ဗျာ။ ဒါပေမဲ့ တိုင်းရင်းသားတွေကိုယ်တိုင် ပါဝင်ပြောဆိုဖို့တွေဘာတွေ ဒါတွေကလုပ်ရမယ့်ဟာ လုပ်ငန်းစဉ်တွေက အများကြီးပါ။ သူတို့ နိုင်ငံရေးအရတည်ငြိမ်တယ် ဆိုတာကိုပြချင်လို့ လျှောက်ပြောနေတာနဲ့ တူပါတယ်ဗျာ၊ တကယ်တော့ ဘာမှမလုပ်နိုင်ပါဘူး၊ သူ့လည်းဘယ်သူမှ မထောက်ခံပါဘူး”
စစ်တပ်က ပုံဖော်နေတဲ့ PR စနစ်မှာ ပြည်သူလူထုက ပါတီကိုပဲ မဲပေးရပြီး အနိုင်ရတဲ့ပါတီက ရွေးချယ်တဲ့ အမတ်ကို ခန့်အပ်ရမယ့် စာရင်းပိတ် ပုံစံနဲ့ ပါတီကိုရော ကိုယ်စားလှယ်ကိုပါ မဲပေးပြီး အနိုင်ရတဲ့ပါတီရဲ့ မဲအများဆုံးရတဲ့သူကို ခန့်အပ်ရမယ့် စာရင်းဖွင့်ဆိုတဲ့ ပုံစံနှစ်မျိုးပါဝင်ပါတယ်။
"လွှတ်တော်ထဲမှာ နိုင်ငံရေးလောကထဲမှာ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ဒီ PR စနစ်က လုပ်ဆောင်ပေးမယ်လို့ မြင်ပါတယ်"
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲတက်တဲ့ နိုင်ငံရေးပါတီတွေကတော့ ပါတီနိုင်တာနဲ့ ကြိုက်တဲ့သူခန့်အပ်နိုင်တဲ့ စာရင်းပိတ် ပုံစံကိုပဲ အဓိကကျင့်သုံးသင့်တယ်လို့ အကြံပြုကြပါတယ်။
PR စနစ်ဟာ နိုင်ငံရေးလောကမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ လုပ်ဆောင်ပေးမယ့်ကိစ္စလို့ပဲ မြင်တယ်လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။
“PR စနစ်က နဂိုကတည်းက ပါတီတွေအချိုးကျဝေစုခွဲပြီးတော့ ယူရတဲ့စနစ်မျိုးပေါ့၊ ဆိုလိုတာကတော့ မဲဟာပြန့်ကျဲသွားမှာပေါ့၊ ၅၀ ရာခိုင်နှုန်းရဖို့ဆိုတာ PR စနစ်မှာ မလွယ်တော့ဘူး၊ တစ်ပါတီတည်း အစိုးရ ဖွဲ့နိုင်မယ့် အားသာချက်လည်းမရှိတော့ဘူး၊ အဲဒီမှာ ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်း ယူထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးလာတယ်၊ တပ်မတော်က နောက်ထပ် ၂၅ ရာခိုင်နှုန်းရတယ်ဆိုတာနဲ့ အစိုးရဖွဲ့နိုင်တယ်၊ တပ်မတော်နဲ့ ပေါင်းတဲ့ပါတီမှပဲ အစိုးရဖွဲ့နိုင်ခြေရှိတယ်၊ PR စနစ်ဟာ တပ်မတော် အတွက်တော့ ထွက်ပေါက်တစ်ခုဖြစ်သလို သူတို့အနေနဲ့ လွှတ်တော်ထဲမှာ နိုင်ငံရေးလောကထဲမှာ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ဒီ PR စနစ်က လုပ်ဆောင်ပေးမယ်လို့ မြင်ပါတယ်”
PR စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ညီညွတ်မှုမရှိဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက ဆုံးဖြတ်ထားတာပါ။
ရှေ့လွှတ်တော်ခုံရုံးက ဆုံးဖြတ်ပြီးသားကို နောက်လွှတ်တော်ခုံရုံးက ပြင်လို့မရဘူး၊ ပြင်မယ်ဆိုရင်လည်း လွှတ်တော်ကပဲ ပြင်မှာဖြစ်တာကြောင့် လက်ရှိလုပ်နေတာတွေဟာ ဖွဲ့စည်းပုံနဲ့ ညီတယ်၊ မညီဘူး အပြင်းပွားစရာဖြစ်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။
ပြန်လုပ်စရာမလိုတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲလည်းပေးမှာ မဟုတ်သလို အပြင်းအထန် ကန့်ကွက်တယ်လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ပြည်သူတစ်ဦးက RFA ကိုပြောပါတယ်။
“ဒါကမဖြစ်သင့်တဲ့ဟာပဲလေ၊ အရင်တုန်းက မဲနိုင်တဲ့သူကနေပြီးတော့ ကိုယ့်ရဲ့ပါတီနဲ့ ကိုယ့်ဘာသာ လုပ်ချင်သလိုလုပ်လို့ရတယ်၊ အခုကတော့ ရရ မရရ အခုလိုကြီး လုပ်မယ်ဆိုတာကြီးက အဆင်မပြေဘူး တကယ်တမ်းပြောရရင်တော့၊ မဲမရတာ့ မရရအောင်လုပ်နေတာ ဘယ်လိုခေါ်မလဲ ခွေးတိုးပေါက်က ဝင်တာပေါ့ အဲသဘောမျိုးပဲမြင်တာပဲ၊ ပြန်ကိုလုပ်စရာမလိုတဲ့ ရွေးကောက်ပွဲပဲ၊ မဲလည်းမပေးနိုင်ဘူး လုံးဝဒါကိုလည်း အပြင်းအထန်ကန့်ကွက်တယ်ပေါ့”

နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ အခြေအနေမျိုးမှာ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ အင်္ဂါမစုံတဲ့ ရွေးကောက်ပွဲ ပဲဖြစ်မယ်လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
“ပြည်သူလူထုကလည်း စိတ်ဝင်စားမှုမရှိတဲ့ ဒီရွေးကောက်ပွဲကို အတင်းအဓမ္မလုပ်မယ် ဖြစ်သလိုလုပ်မယ် ဖြစ်တဲ့နည်းနဲ့လုပ်မယ် ဆိုတဲ့ပုံစံမျိုးနဲ့တော့ လုပ်လို့ရလိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါနယ်မြေ တည်ငြိမ်အေးချမ်းရေးပေါ့ နယ်မြေတစ်ခုမှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် တည်ငြိမ်အေးချမ်းတဲ့ အခြေ အနေ မရှိလောက်ဘူးလို့ ယူဆလို့ရတယ်၊ အဲတာကြောင့် သူတို့က ပြီးစလွယ်လုပ်ရင်တောင်မှ အင်္ဂါမစုံတဲ့ ရွေးကောက်ပွဲပဲဖြစ်သွားလိမ့်မယ်၊ တကယ်တမ်း ပြည်သူတွေအကုန်လုံး မဲပေးနိုင်မယ့် လွတ်လွတ်လပ်လပ် စိတ်ချလုံခြုံတဲ့ အထင်ကရဖြစ်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာမဟုတ်ဘူး”
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ နိုင်ငံရေးပါတီပေါင်း ၁၂၈ ပါတီကို မှတ်ပုံတင်ခွင့်ပြု ခဲ့ပြီး အဲဒီအထဲမှာ ၃၆ ပါတီ ဖျက်သိမ်းခဲ့တာကြောင့် လက်ရှိ တရားဝင်နိုင်ငံရေးပါတီက ၉၂ ပါတီရှိနေပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာကွန်ရက် (ACE) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအဆင့် အောက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အချိုးကျ ကိုယ်စားပြုစနစ် ပုံစံတစ်မျိုးမျိုးကို ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း ၉၄ နိုင်ငံရှိတယ်လို့ ဆိုပါတယ်။
တကယ်လို့ PR စနစ်ကိုပြောင်းပြီး ရွေးကောက်ပွဲကို စစ်ကောင်စီက ကျင်းပမယ်ဆိုရင် မြန်မာ့နိုင်ငံရေးအသွင် သဏ္ဍန်ကလည်း ပြောင်းလဲလာမှာဖြစ်ပြီး တိုင်းပြည်အတွက် ကောင်းတဲ့ အပြောင်းအလဲဖြစ်လာမလား၊ PR စနစ်ကြောင့် ပိုဆိုးတဲ့ပြောင်းလဲမှုတွေ ဖြစ်လာမလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။