စစ်ကောင်စီဆန့်ကျင်မှု မြို့ပြတိုက်ပွဲအဆင့်ရောက်လာ
2021.05.24
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဟာ အဆင့်မြင့်တဲ့ တိုက်ပွဲဝင်ရိုင်ဖယ်တွေကို အသုံးပြုခဲ့သလို တိုက်ပွဲနည်းနာနဲ့ လှုပ်ရှားမှုတွေလည်း အတော်ကောင်းမွန်ပြီး ကျေးလက်နဲ့မြို့ပြတိုက်ပွဲတွေကို တပြိုင်နက် အကောင်အထည် ဖော်လာနိုင်ပြီဖြစ်လို့ နွေဦးတော်လှန်ရေးဟာ ပိုမိုအဆင့်မြင့်မားလာခဲ့ပြီလို့ ဝေဖန်သူတွေကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲရဲစခန်းကို PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ မေလ ၂၃ ရက်နေ့က အခုလို သိမ်းပိုက်နိုင်ခဲ့တာဟာ နွေဦးတော်လှန်ရေးရဲ့ အထင်ကရ အောင်ပွဲတခုပဲလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
“မိုးဗြဲရဲစခန်း ဝင်သိမ်းတဲ့ တိုက်ပွဲမှာ ပါဝင်တဲ့သူတွေ ကိုင်ဆောင်တဲ့ လက်နက်တွေက တူမီးက အနည်းစု ဖြစ်သွားပြီ၊ M 16 တွေ အတော်များတယ်။ ကယားပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အတော်များတဲ့ နေရာဖြစ်တာကို။ အရင်တုန်းက ကလလတ ရှိတယ်။ ရယလဖ၊ နောက် ကယန်းပြည်သစ်ပါတီ ရှိတယ်။ နောက် ပအို့ဝ် အဖွဲ့တွေနဲ့လဲ ဆက်စပ်နေတယ်။ အဲဒီဒေသထဲမှာ စစ်ရေး အတွေ့အကြုံရှိတဲ့ လူဟောင်းတွေရှိတယ် အဲဒီလူတွေပါဝင်လာတဲ့အတွက် မိုးဗြဲတိုက်ပွဲက တော်တော်လေးကို သပ်ရပ်လှပတယ်။ ပြီးတော့ ရန်သူရွေးချယ်တာလဲ မှန်တာပေါ့။ ဒီရဲစခန်းက ဘန်ကာတွေ ကတုတ်ကျင်းတွေ သေသေချာချာ တူးထားတာ မရှိဘူး၊ ရင်စို့လောက်ရှိတဲ့ လှိုင်မြောင်းပဲ တူးထားတာ၊ ခြံစည်းရိုးတောင် ကောင်းကောင်းမရှိဘူး၊ နောက်ပြီး ကွင်းထဲမှာ နောက်ပိုင်းက တောတောင်အခြေခံလည်း ဘာမှမရှိဘူး။ အခု ဝိုင်းတဲ့အင်အားက ၁ဝဝ လောက်ရှိတယ်။ တိုက်ပွဲကလဲ သေနတ်သံချည်း မဟုတ်ဘူး။ လူထုကနေ ဝိုင်းပြီးအော်ကြ ဟစ်ကြ တကယ်ကို လူထုတိုက်ပွဲကြီး တခုလို ဖြစ်နေတယ်။ အဲဒီတော့ ရန်သူရဲ့ အားနည်းတဲ့နေရာမှာ ဝင်ပြီးတိုက်တာဖြစ်တယ်။ ပြီးတော့ စခန်းသိမ်းမိတယ်။ လက်နက်တွေ ရတယ်။ အဲဒီတော့ သူတို့အတွက်လဲ ပိုပြီးတောင့်တင်းသွားတယ်။ အဲဒီထဲမှာ ထပ်ပြီးကောင်းတာတခုက မိုးဗြဲဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လွိုင်ကော်က စစ်ကူလာကြတာ။ အဲဒီစစ်ကူလာတဲ့ ကိစ္စကို မိုးဗြဲနားမှာရှိနေတဲ့ ပီကင်းတာကော် ဆိုတဲ့ ရွာနားကနေဖြတ်ပြီးတော့ အဲဒီကားတွေကို တိုက်တယ်။ အဲဒီကားတွေကို တိုက်လိုက်တဲ့အခါ တန့်သွားတာပေါ့၊ အဲဒီတန့်သွားတဲ့နေရာကနေ လွတ်သွားတဲ့ ကားတချို့က ကုန်းစာမှာ ထပ်ပြီး တိုက်ပြန်တယ်။ ဒီတိုက်ပွဲက စစ်ရေးနည်းဗျူဟာ နဲ့ မဟာဗျူဟာ ပေါင်းစပ်တဲ့နေရာမှာ အတော်လေး ကောင်းတာတွေ့ရတဲ့အတွက် ကျနော်ဝမ်းမြောက်မိပါတယ်။”
ခမရ ၅၂၈ ကနေ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင်ကလည်း ဒီတိုက်ပွဲကြောင့် PDF လူငယ်တွေကိုရော ပြည်သူတွေကိုပါ အားတက်စေတယ်လို့ ပြောပါတယ်။
“ဒီလိုအောင်ပွဲတွေက ကျနော်တို့ပြည်သူဘက်က motivation တွေ အရမ်းရတယ်။ စခန်းသိမ်းတိုက်ပွဲတွေ အများကြီး ဖြစ်လာမယ်လို့ထင်တယ်။ သင်တန်းဆင်းတဲ့ လူငယ်တွေလဲ များပြားလာပြီ စစ်ပညာတတ်ကျွမ်းတဲ့ လူငယ်တွေလဲ တအားများလာပြီဆိုတော့ ဒီလိုမျိုး စခန်းသိမ်း တိုက်ပွဲတို့ နယ်မြေသိမ်းတိုက်ပွဲတို့ မကြာခင်ဖြစ်လာမဲ့ အနေအထားတွေ တွေ့ရတယ်။အဲဒီ့မှာ တခုအကြံပေးချင်တာက တိုက်ပွဲနဲ့ပတ်သက်ပြီး ဗီဒီယိုတွေရိုက်တင်တာကို နည်းနည်း တားချင်တယ်။ ဒီဗီဒီယိုကနေ ကိုယ့်ရဲ့ လူအင်အား လက်နက်အင်အား ဘယ်သူတွေဆိုတာ တွေ့နေရတယ်။ ဒါတွေက တဖက်ရန်သူကို သတင်းပေးနေတဲ့ အနေအထားတွေ ဖြစ်နေတယ်။ ဗီဒီယိုရိုက်ရင်လဲ လူမှုကွန်ရက်ပေါ် မဖြန့်ဖို့ အကြံပြုချင်တယ်၊ ဆက်လက်ပြီး အောင်ပွဲတွေ ရလာမယ်လို့ ယုံလည်း ယုံကြည်တယ်။ တဖြည်းဖြည်းနဲ့ မြို့သိမ်းတိုက်ပွဲတွေ တိုးချဲ့လာနိုင်မယ်လို့ လည်း မျှော်လင့်တယ်။”
ဦးသန်းစိုးနိုင်က တိုင်းနဲ့ပြည်နယ်၊ တောင်တန်းမြေပြန့် ဒေသအစုံမှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ Generation Z တွေ လက်တွဲ တိုက်ပွဲဝင်မယ်ဆိုရင် အာဏာရှင်တွေကို ၂ နှစ်ကနေ ၅ နှစ်အတွင်း မြန်မာ့မြေပေါ်ကနေ အပြီးအပိုင် ဖယ်ရှားနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
“အရင်တုန်းကလို ကျေးလက်အခြေခံ မြို့ကိုဝိုင်းဆိုတဲ့ ရေရှည်စစ်မျိုး မဟုတ်တော့ဘူး။ ကျေးလက်ကတိုက်ပွဲ နဲ့ မြို့ ပြတိုက်ပွဲ ပေါင်းစပ်ပြီးတော့ အမြန်အဆုံး သတ်တဲ့ စစ်ပွဲတခု မကြာခင်လပိုင်းအတွင်းမှာ မြင်ရတော့မယ်ထင်တယ်။ ၂ နှစ်လောက်တော့ ကြာလိမ့်မယ်။ စစ်ကောင်စီတပ် ၄ သိန်းကျော် ၅ သိန်းလောက်ဟာ လူထု သမုဒ္ဒရာကြီးထဲမှာ နစ်မြုပ်သွားတော့မှာပါ။ အခု ပြောက်ကျားစစ်ကနေ ကျနော်တို့ လှုပ်ရှားစစ်ကိုပြောင်းလဲရမယ်။ လှုပ်ရှားစစ်ကနေ နေရာယူစစ်တွေ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရမယ်။ အဲဒီအချိန်အခါကျရင်တော့ လက်နက်ငယ်တွေ နဲ့ချည်း တိုက်လို့တော့ ရမှာမဟုတ်ဘူး။ အချိန်ကာလ တိုတောင်းမှုအတွက် နိုင်ငံတကာ အကူအညီတွေ လိုပါတယ်။ လိုတာက အဓိက ငွေ နဲ့ လက်နက်ပါ။ အဲဒါတွေရရင် မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တော်လှန်စစ်ဟာ အချိန်တိုအတွင်း အောင်ပွဲရမယ်လို့ ကျနော်ယုံတယ်။”
ဗိုလ်ကြီး လင်းထက်အောင်ကလည်း ပိုမိုကျယ်ပြန့်တဲ့တိုက်ပွဲတွေအတွက် လက်နက်ကြီးတွေလိုတာ အမှန်ပဲလို့ ထောက်ခံပြောဆိုပါတယ်။
“စစ်တပ်ဘက်မှာ စိန်ပြောင်းတွေ လေကြောင်းပစ်ကူတွေ စက်သေနတ်ကြီးတွေ ရှိတယ်။ လက်နက်နဲ့ပတ်သက်ပြီး ထောက်ပံ့ပေးနိုင်သူတွေ အနေနဲ့လဲ ဒီ PDF အဖွဲ့တွေကို ထပ်မံပြီး ထောက်ပံ့ပေးစေချင်တယ်။ အခုအခြေအနေနဲ့က စစ်ကောင်စီနဲ့ တကယ်ကြီးကြီးမားမားနေရာတွေမှာ ရင်ဆိုင်ရဖို့က လက်နက်က တော်တော်ကြီးကြီးမားမား ကွာခြားချက်တွေ ရှိနေတယ်။”
မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်နဲ့ ပြည်သူ့ဖက်ကို ကူးပြောင်းခဲ့တဲ့ ဗိုလ်ကြီး လင်းထက်အောင် တို့ရဲ့ သုံးသပ်ချက်တွေဖြစ်ပါတယ်။ အခုလို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သဘောထားကို သိရှိနိုင်ဖို့ စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။