တရုတ်မူဝါဒကြောင့် မြန်မာ့ဖရဲသီးတွေ နယ်စပ်မှာ ပျက်စီးဆုံးရှုံးမှုများနေ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီးက မိုင်းယုကျေးရွာ အဝင်လမ်းဘေးမှာ ဖရဲသီးတွေကို   ၂၀၂၂ ဇန်နဝါရီ ၃ ရက်နေ့က  လာရောက်စွန့်ပစ်နေစဥ်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီးက မိုင်းယုကျေးရွာ အဝင်လမ်းဘေးမှာ ဖရဲသီးတွေကို ၂၀၂၂ ဇန်နဝါရီ ၃ ရက်နေ့က လာရောက်စွန့်ပစ်နေစဥ် (Photo: Citizen Journalist)

တရုတ်နိုင်ငံဘက်က အကောက်ခွန်စနစ် ပြောင်းလဲမှုကြောင့် ဖရဲကုန်သည်အများစု ဆုံးရှုံးနစ်နာနေကြရတယ် လို့ ကုန်သည်တွေက ပြောပါတယ်။

ဖရဲသီးတွေကို တရုတ်နိုင်ငံကိုတင်ပို့ဖို့ ခက်ခဲလာတာကြောင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီးက မိုင်းယုကျေးရွာ အဝင်လမ်းဘေးတလျှောက်မှာ ဖရဲသီးတွေ အစုလိုက်အပြုံလိုက် လာရောက်စွန့်ပစ်နေကြတာ ကို အခုရက်ပိုင်းတွေအတွင်း ပိုတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖရဲသီးတွေကို အိမ်မှာစားဖို့ လာကောက်ယူတဲ့သူတွေအပြင် ပျက်စီးနေတဲ့ ဖရဲသီးတွေကို လာစားနေတဲ့ ကျွဲနွားတွေနဲ့ပါ လမ်းတလျှောက် အတော်များများတွေ့နေရပါတယ်။

မူဆယ်မြို့နယ်က ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ကပ်ရောဂါကြောင့် ငါးလကျော်ကြာ ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါစည်းကမ်း တင်းကျပ်မှုတွေနဲ့အတူ မြန်မာပို့ကုန်တွေနဲ့ ပတ်သက်လို့ အရင်ကမရှိခဲ့တဲ့ တရုတ်ဘက်က အခွန်ကောက်ခံတာကြောင့် အချိန်ကြန့်ကြာတာနဲ့ ကုန်ကျစရိတ်မြင့်မားတဲ့ အခက်အခဲတွေ ကြုံတွေ့နေကြရတာလို့ ကုန်သည်တွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ စိုင်းမြင့်ဗိုလ် သစ်သီးကုန်စည်ဒိုင်ပိုင်ရှင် နန်းခမ်းခင် က ပြောပါတယ်။

“ဒီရောက်ပြီး ရက်ကြာလို့ အရည်အသွေးပျက်စီးမှု ဖြစ်သွားတာလည်းပါတယ်ရှင့်။ အရည်အသွေးကောင်း တဲ့ အသီးတွေတော့ ပုံမှန်အထဲကိုဝင်နေရတယ်ရှင့်။ ဒါပေမဲ့ ၁၀၅ မိုင် ရောင်းကွင်းကနေ အထဲကိုရောက်ဖို့ ၁၅ ရက်အထက်မှာ ကြာတော့လေ မသေချာတော့တဲ့အသီးတွေက မဝင်တော့တာရယ် စရိတ်စကလည်း များတာကိုးနော်။ ခါလီ ကားနဲ့ ပြန်ချိန်းရတာပေါ့။ မြန်မာပြည်ကနေလာတဲ့ ကားတွေနဲ့ တိုက်ရိုက်ဝင်ရတာ မဟုတ်ဘူး။ မြန်မာပြည်ဘက်မှာ တရုတ်ခါလီကားကို ချိန်းပြီး ရောင်းကွင်းကိုသွားရတယ်။ အဲခါလီကားခ ဈေးကြီးတာ ပြီးတော့ တရုတ်ဘက်မှာ ဂျူတီလည်းဆောင်ရတဲ့အတွက်ကြောင့်မလို့ ကျွန်မတို့ဆီကိုရောက် လာတဲ့အသီးကို ကျွန်မတို့က ပြန်ပြီးတော့ သန့်ပြီးသွင်းတော့ ဒီမှာပယ်သီးတွေက များသွားတာ အဲလိုဖြစ် သွားတာပါရှင်”

ကိုဗစ်စည်းကမ်းသတ်မှတ်ချက်အရ တရုတ်နိုင်ငံကိုတင်ပို့မယ့် ကုန်စည်တွေအတွက် မြန်မာဘက်ခြမ်းမှာ ဇုန်နေရာ သတ်မှတ်ထားပြီး ကုန်စည်တွေကို တရုတ်နိုင်ငံဘက်က ကားတွေကပဲ လာရောက်သယ်ယူရတာပါ။

ပို့ကုန်များနေပြီး တရုတ်ကနေလာတဲ့ ကားအရေအတွက်နည်းပါးလို့ တရုတ်ကားငှားရမ်းခတွေလည်း ဈေးမြင့် နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ကလာတဲ့ ဆယ့်နှစ်ဘီးကားတစ်စီးငှားရမ်းခဟာ မြန်မာငွေ သိန်းခြောက်ဆယ်ကျော်အထိရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်အရ ဆေးဖြန်းခ၊ ကားကွင်း ကုန်ကျစရိတ်၊ တရုတ်အကောက်ခွန်ဌာန ကုန်ကျစရိတ် စတာတွေကို ပေါင်းလိုက်ရင် ဖရဲသီး ၁၆ တန်ဆန့် ဆယ့်နှစ်ဘီးကားတစ်စီး ကုန်ကျစရိတ်ဟာ သိန်းတစ်ရာကျော်အထိ ဖြစ်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အရင်နှစ်တွေကဆိုရင် မြန်မာဆယ့်နှစ်ဘီးကားတစ်စီးကို မန္တလေးကနေ တရုတ်အသီးကွင်းအထိအရောက် ရှစ်သိန်းကျော်လောက်ပဲ ကုန်ကျခဲ့တာကြောင့် အခုကုန်ကျစရိတ်တွေဟာ အရင်နှစ်တွေကထက် အဆမတန် များနေတာလို့ ပြောပါတယ်။

ဒါကြောင့် ကုန်သည်အများစုဟာ အရည်အသွေးမမီနိုင်တဲ့အသီးတွေကို နယ်စပ်မှာပဲ စွန့်ပစ်နေကြရတာလို့ မူဆယ်နယ်စပ်က ကုန်သည် ခွန်မင်းသန့် က ပြောပါတယ်။

“အသီးသမားက ကိုယ်တို့တွက်ကြည့်တာ မြန်မြန်ဝင်နိုင်ရင် ပေါက်ဈေးရရင် ရသလိုမျိုးရှိတော့ ကားရ အောင် စွမ်းဆောင်နိုင်တဲ့သူက မြန်မြန်ဝင်နိုင်တာပဲ။ ကားရအောင် မစွမ်းဆောင်နိုင်တဲ့သူကတော့ မြန်မြန်မဝင်နိုင်ဘူး ပြဿနာက အဲဒါပဲ။ တခြားကုန်စည်တွေက ကြိုကြား ကြိုကြားပဲရှိမှာ။ တချို့ကုန် တွေဆို အောက်မြန်မာပြည်ဘက်ကို ပြန်ဆင်းရပြီ တချို့ဆိုရပ်ထားရတယ်။ ဥပမာ ပြောင်းဆို အခုလုံး၀ မပို့နိုင်လို့ ရပ်လိုက်ရပြီ။ အသီးကတော့ ရာသီကုန်ဖြစ်နေတော့ အသီးလတ်ရင်လတ်သလို သူတို့လည်း လိုအပ်ချက်ရှိနေတာကိုး။ အခုကိုယ်တို့တွေ့တဲ့ ပစ်ရတယ်ဆိုတဲ့ ဖရဲသီးတွေဆို ဘာဖြစ်လဲဆိုတော့ အောက်မှာကြာတယ်။ အပေါ်မှာကြာတယ်။ ကြာတဲ့အခါ သူတို့က ဟိုဘက်ကို ပို့လည်းရှုံးမယ်မှန်းသိတဲ့ အခါကျတော့ မပို့တော့ဘူး။ ဘာလို့လဲဆို သူတို့ကားခတင်ကို သိန်းခုနစ်ဆယ်လောက် ကုန်နေပြီလေ”

နယ်စပ်မှာ တရုတ်ကားတွေကို စောင့်ဆိုင်းစရာမလိုဘဲ အရင်လိုမြန်မာကားတွေ တရုတ်ထဲဝင်ခွင့်ရရင် ကုန်ကျစရိတ်နဲ့ အချိန်ကြန့်ကြာမှုတွေ သက်သာနိုင်မှာဖြစ်တယ်လို့ ခွန်မင်းသန့် က ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းဈေးတွေ အရင်နှစ်ထက် နှစ်ဆလောက် တက်ခဲ့တာကြောင့် အရင်က ဖရဲတစ်ဧက ကုန်ကျငွေ ဆယ်သိန်းလောက်ပဲရှိခဲ့ရာကနေ ဒီနှစ်မှာ သိန်းနှစ်ဆယ် ဝန်းကျင်အထိ ပိုကုန်ကျလာတယ်လို့ ဖရဲစိုက်တောင်သူတွေက ဆိုပါတယ်။

ဖရဲတစ်ဧကကို ၁၆ တန်လောက်ပဲ ထွက်တာကြောင့် ပြည်တွင်းဈေးကွက်မှာရောင်းရင် အရှုံးပေါ်မှာဖြစ်ပါ တယ်။ ဒါကြောင့် ကုန်သည်နဲ့ တောင်သူတွေဟာ စွန့်စားပြီး တရုတ်ကို တင်ပို့နေကြရတာလို့ ရန်ကုန် အခြေစိုက် သစ်သီးကုန်သည် ကိုကျော်လင်းက ပြောပါတယ်။

“ကျွန်တော်တို့ပြည်တွင်းမှာရောင်းတဲ့ ငွေကြေးအမောက်နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ နိုင်ငံခြား အိတ်စပို့နဲ့ ရောင်းတဲ့ ငွေကြေးကျတော့ ကွာတယ်လေ။ လက်ရှိပြည်တွင်းမှာကျတော့ တောင်သူတွေ အနေနဲ့က ၁၂ ဘီးကား တစ်စီးမှ ၁၅သိန်း သိန်း ၂၀ အဲလောက်ပဲရတာ။ တရုတ်ဘက်အခြမ်းမှာ အခု ရောင်းနေတဲ့ဈေးနဲ့ကျတော့ တောင်သူတွေအတွက် အများကြီး ကွာဟတာပေါ့နော်။ လက်ရှိပြည်တွင်းမှာ ဆိုရင် တောင်သူတွေဘက်က စိုက်တာက တစ်ချိုး တရုတ်ဘက်က တောင်သူတွေ ဝင်စိုက်နေတာက ကျတော့ နှစ်ချိုးပေါ့။ အဲပုံစံမျိုးနဲ့ အခုတင်နေကြတာ အခက်အခဲကတော့ တောင်သူတွေက ကြားညှပ် နေတာပေါ့။ စိုက်စရိတ်များတော့ တောင်သူတွေ ပြည်တွင်းမှာ ပြန်ရောင်းဖို့ အရင်းနဲ့ အရှုံးပဲ။ ဥပမာ တစ်ဧကကို ၁၅ သိန်းကုန်ုရင် ပြည်တွင်းမှာ ပြန်ရောင်းရင် တစ်ဧကကို ဆယ်နှစ်ဘီးကားတစ်စီးထွက်မှ ၁၅ သိန်း သိန်း ၂၀ ပဲရတော့ တောင်သူတွေအတွက် ဘာမှ အကျိုးအမြတ်မရဘူး ဒါတောင် သေချာစနစ်တကျ စိုက်တဲ့ တောင်သူကြီးတွေမှ တစ်ဧကကို ၁၂ ဘီးကားတစ်စီး ထွက်တာ”

မြန်မာနိုင်ငံအတွင်းက တောင်သူတွေဟာ အရင်နှစ်တုန်းကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီနှစ်မှာတော့ ဖရဲစိုက်သူ အရင်နှစ်ကလို ဧကရာနဲ့ချီစိုက်တဲ့ တောင်သူတွေ မရှိသလောက် နည်းသွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

"စိုက်စရိတ်များတော့ တောင်သူတွေ ပြည်တွင်းမှာ ပြန်ရောင်းဖို့ အရင်းနဲ့ အရှုံးပဲ"

လက်ရှိ တရုတ်ကို ဖရဲတင်ပို့နေသူတွေဟာ အရင်နှစ်ထဲက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ် ကုန်သည်တွေနဲ့ နယ်စပ်ပွဲရုံတွေက ငွေပေးပြီး စိုက်ခိုင်းတဲ့သူတွေက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်မှာ အခုလို ဖရဲသီးကားတွေ စုပြုံနေတာ၊ မူဆယ်အသီးကွင်းနဲ့ လမ်းတလျှောက်မှာ ကားတွေ ပိတ်ဆို့မှု မဖြစ်အောင် ဖရဲတင်တဲ့ကားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကစပြီး မန္တလေး ၁၆ မိုင် ဂိတ်ကားကွင်းမှာ ချက်ပွိုင့်ဂိတ်တွေလုပ်ပြီး တဆင့်ချင်းလွှတ်တဲ့စနစ်ကို ကျင့်သုံးနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ ဒီကနေ့အထိ မန္တလေး ၁၆ မိုင်ဂိတ်ကနေ မူဆယ်အသီးကွင်းအထိ စုစုပေါင်း ဖရဲကား ၅၀၀ ကျော်လောက်ထိ တရုတ်ကို ဖရဲတင်ပို့ခွင့်ရနိုင်ဖို့ စောင့်ဆိုင်းနေရတယ်လို့လည်း ကုန်သည် ကိုကျော်လင်း က ပြောပါတယ်။

(မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ စွန့်ပစ်ထားတဲ့ ဖရဲသီးတွေကို တွေ့ရစဥ်) Photo: CJ
(မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ စွန့်ပစ်ထားတဲ့ ဖရဲသီးတွေကို တွေ့ရစဥ်) Photo: CJ

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်ကကုန်တွေ အခုလို ပိတ်မိနေတဲ့ကိစ္စအတွက် စီးပွားကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း RFA က အီးမေလ်ကနေတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ကုန်သွယ်ရေးလုပ်ငန်းတွေ ပိုမြန်ဆန်အောင် ကြိုးစားနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ကိုဗစ်စည်းကမ်းကတော့ တရုတ်နိုင်ငံဘက်ကလည်း လျှော့ပေးမှာမဟုတ်ဘူး။ သူတို့နိုင်ငံအနေနဲ့ ကလည်း မကြာသေးခင်မှာ ဆောင်းရာသီ အိုလံပစ်အားကစားပွဲ ရှိတဲ့အတွက် သူတို့နိုင်ငံအတွင်းမှာ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ စိတ်ချရတဲ့ အနေအထားမျိုးဖြစ်အောင် ဆောင်ရွက်နေတာရှိတယ်။ ထွက်ကုန်တွေမှာလည်း ကိုဗစ်ပိုးစစ်ဆေးနိုင်အောင် ထွက်ကုန်ပို့နေတဲ့ကုန်သည်တွေ ယာဉ်မောင်းတွေ ကအစ ကိုဗစ်ပိုးစစ်ဆေးနိုင်အောင် ပိုမိုမြန်ဆန်အောင် တရုတ်နိုင်ငံဘက်က ကူညီနေတာ ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း အဲဘက်ကို အထူးကုန်သွယ်ရေးနေရာဖြစ်တဲ့ကြောင့် အဲဘက်မှာ အာရုံ စိုက်ပြီးလုပ်ဆောင်လျှက်ရှိတယ်။ နောက်ပိုင်းမှာတော့ ကန့်သတ်မှုတွေရှိနေပေမယ့် ဒီထက်မြန်ဆန်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်”

နယ်စပ်ကုန်သည်တွေကတော့ လက်ရှိနယ်စပ် ကုန်သွယ်ရေးပြဿနာကို ဖြေရှင်းရာမှာ သီးနှံပွဲရုံတွေ ကုန်သည်တွေနဲ့ပဲ ရေတိုစနစ်နဲ့ ဖြေရှင်းနေလို့မရဘဲ နှစ်နိုင်ငံအစိုးရချင်း ထိထိရောက်ရောက်ထပ်မံ ဆွေးနွေးမှသာ မြန်မာကုန်သည်နဲ့ တောင်သူတွေအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမဲ့ အခုအခြေအနေအတိုင်း ဆက်သွားနေရင် နောက်နှစ် သီးနှံပေါ် ရာသီတွေမှာပါ မြန်မာတောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။