မြောက်ဦးမှာ ဖုန်းအဟောင်းလိုက်ဝယ်သူ လေးယောက် ပျောက်ဆုံးနေ

0:00 / 0:00

ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီးမှာ ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းအဟောင်းလိုက် ဝယ်တဲ့ ကိုကောင်းထက် ဆိုသူတစ်ဦးမိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီး နောက်နေ့ ၂၉ ရက်နေ့မှာ ကိုသိန်းသန်းစိုး၊ ကိုကျော်စွာသိန်း၊ ကိုသိန်းထိုက်စိုးတို့ပါ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီး အခုချိန်အထိ အဆက်သွယ်မရရှိသေးကြောင်း မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ကိုကောင်းထက် ပျောက်ဆုံးပြီးနောက် ကျန်ရှိတဲ့ သုံးဦးက မြောက်ဦးရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေမယ့် အာဏာပိုင်အရာရှိ မရှိတဲ့အတွက် တိုင်ကြားခွင့်မရခဲ့ကြောင်း မိသားစုနဲ့ နောက်ဆုံးဆက်သွယ်လို့ရတဲ့အချိန်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သူတို့ကိုင်ဆောင်တဲ့ ဟန်းဖုန်းနံပါတ်တွေကို ၂၉ ရက်နေ့ နေ့လယ်ပိုင်း နှစ်နာရီက နောက်ဆုံးအဆက်သွယ်ရခဲ့ပြီး လက်ရှိအချိန်ထိ အဲဒီဖုန်းနံပါတ်တွေဟာ စက်ပိတ်ထားတာဖြစ်ပါတယ်။

မိသားစုက သက်ဆိုင်ရာအာဏာပိုင်တွေထံမှာ လူပျောက်တိုင်ထားသော်လည်း ယခုအချိန်အထိ အခြေအနေ မထူးသေးဘူးလို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်မျိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

"၁၁ လောက်မှာ ကျွန်တော် ညီနဲ့အဆက်သွယ်ရတယ်၊ ကျော်စွာသိန်းရဲ့ဖုန်းနဲ့ရတယ်၊ ကျော်စွာသိန်းက ဖုန်းကိုင်ပြီးပြန်တော့ မဖြေနိုင်ဘူး၊ ဒီဖက်ကို ဖုန်းထဲမှာတစ်ဖက်လူကို ကျော်စွာသိန်းက ကျနော်တို့ ဗုဒ္ဓဘာသာတွေပါ၊ ကျနော်တို့ ဗုဒ္ဓဘာသာတွေပါလို့ သူတောင်းပန်နေတယ်၊ သူတောင်းပန်နေတဲ့သူကို ကျွန်တော်အစ်ကိုနဲ့ ဖုန်းပြောပါဦးလို့ပြောတော့ တစ်ဖက်လူက ဖုန်းကိုင်ပြီး မင်းဘာကောင်လဲကွလို့ ဖုန်းကနေပြောပြီး ဖုန်းကိုချပြီးစက်ပိတ်သွားတာ ဒီနေ့အထိပဲ"

RFA အနေနဲ့ သီးခြားစုံစမ်းမှုပြုလုပ်ရာမှာ ကိုကောင်းထက်ဆိုသူရဲ့ Facebook အကောင့်ကို အခြားလူက သုံးစွဲနေတာကိုတွေ့ရပြီး အကောင့်ကို ဝင်ရောက်သုံးစွဲနေသူရဲ့ ဓာတ်ပုံကိုလည်း ရရှိထားပါတယ်။

ဒါပေမဲ့ ပျောက်ဆုံးသူတွေနဲ့ ဘယ်လိုပတ်သက်မှုရှိသလားကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးက ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အရပ်သားတွေကို ဖမ်းဆီးတာတွေ၊ အရပ်သားတွေ လက်နက်မှန်ပြီး သေဆုံးတာတွေရှိနေပါတယ်။

RFA က မြန်မာ့တပ်မတော်ကို ဆက်သွယ်မေးမြန်းရာမှာ သူတို့ ဖမ်းဆီးထားတာ မရှိကြောင်းနဲ့ သေဆုံးတဲ့ အရပ်သားစာရင်းထဲ မှာလည်း မပါဝင်ကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးတဲ့သူမှန်သမျကို သတင်းထုတ်ပေးတယ်။(ဗိုလ်မှူးချုပ် ဇော်မင်းထွန်း)

"ဖမ်းဆီးစစ်ဆေးတဲ့သူမှန်သမျကို သတင်းထုတ်ပေးတယ်၊ အများစု က အဲဒီကဒေသခံတွေပါပဲ၊ မရှိပါဘူးခင်ဗျ။ သေဆုံး တဲ့သူစာရင်းကိုလည်း ထုတ်ပေးပါတယ်၊ အရပ်သား သေဆုံး ရင်လည်း အရပ်သား သေဆုံးတယ်လို့ ထုတ်ပြန်ပေး ပါတယ်"

ရက္ခိုင့်တပ်တော် AA ဖက်ကို RFA က ဆက်သွယ်စုံစမ်းမေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလို ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ
AA ပြောခွင့်ရသူ ခိုင်သုခ (Photo: AA)

"အခုရခိုင်ပြည်ထဲမှာက ပြည်သူလူထုတွေ ပျောက်ဆုံးမှုတွေက တော်တော်လေးကိုဒီရက်ပိုင်းမှာ အများကြီး ရှိတယ်၊ လုံး၀ အစ အန မရဘဲ ပျောက်ဆုံးသွားတာ၊ အဲဒါက အစိုးရနဲ့ ဆက်စပ်တဲ့ ကိစ္စတွေပဲ ဖြစ်မယ်၊ တချို့နေရာတွေ မှာဆို တစ်ပြိုင်တည်း လူ လေးယောက်၊ ငါးယောက် ပျောက်သွားတာတွေ ရှိတယ်၊ မြောက်ဦး ထဲမှာရောပ၊ဲ တိမ်ညိူဖက်မှာက စစ်ထောက်လှမ်းရေးတွေ တော်တော်ရှုပ်တယ်လို့ ပြောတယ်၊ သူတို့က မသကာၤတဲ့သူတွေကို ချက်ချင်းဖမ်းပြီး အစဖျောက်ပစ်တာ"

လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို သတင်းသမားတွေအနေနဲ့ သွားရောက်ဖို့က အန္တရာယ်များနေတဲ့ အချိန်ဖြစ်နေတာကြောင့် မြေပြင်ကိုဆင်းပြီး စုံစမ်းလို့မရခဲ့ပါဘူး။

မိသားစုကတော့ မြောက်ဦးမြို့နယ်ရဲစခန်းမှာ အမှု့ဖွင့်ထားတယ်လို့ RFAကို ပြောပါတယ်။

ဒီပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲစခန်းနဲ့ တိမ်ညိုစခန်းတို့ကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ အခုလို ပျောက်ဆုံးနေတဲ့ အရပ်သားတွေ ဘယ်လောက်ရှိနေမလဲဆိုတာ စဉ်းစားစရာအချက် အလက်တစ်ခုဖြစ်လာပါတယ်။

ဒီလိုလူပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းသာခွင့်အဖွဲ့(AI) အပါအဝင် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာက ထောက်ပြပြောဆိုနေဆဲပါ။

အခုလို အရပ်သားပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လူ့အခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

လာရောက်တိုင်ကြားတယ်ဆိုရင် သေချာစုံစမ်းပြီး ဖော်ထုတ်ဖို့တော့ လိုတယ်။(ကိုနစ်ကီဒိုင်းမွန်း - Fortify Rights)

"ဒီအစိုးရမှာ တာဝန်အရှိဆုံးပဲ၊ အဓိကက လူပျောက်တဲ့ကိစ္စ ကို အမှုဖွင့်တယ်ဆိုရင် နယ်မြေစိုးမိုးရေး လုပ်နေတဲ့ စစ်တပ် ရင်း တွေရယ်၊ ရဲစခန်းတွေရယ်က ဖြေရှင်းပေးရမယ်၊ ပွင့် လင်းမြင်သာမှုလည်း ရှိရမယ်၊ ရခိုင်ဒေသဆိုရင် စစ်တပ်က ဘာကြောက်လဲဆိုတော့ လူူ့အခွင့်ရေးတွေ ချိူးဖောက် ထားတော့ အဲဒီဒေသကို လူတွေအရောက်ပေါက်နည်းအောင် သတင်းမီဒီယာတွေ သွားလို့မရအောင် ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ထားတယ်။အဲဒီဒေသမှာက လက်နတ်ကိုင် AA လည်းရှိမယ်၊ စစ်တပ် လည်းရှိမယ်၊ အခြားဒုစရိုက် သမားတွေလည်း ရှိနိုင်တယ်၊ အဲဒီတော့ ဘယ်သူကဖမ်းထားမှန်း မသိတော့ ဘယ်သူ့မှာ တာဝန်ပိုရှိတယ် ဆိုတာကို ပြောရခတ်တယ်၊ အဓိကတော့ နယ်မြေဒေသမှာရှိတဲ့ရဲတွေက လာရောက်တိုင်ကြား တယ်ဆိုရင် သေချာစုံစမ်းပြီး ဖော်ထုတ်ဖို့တော့လိုတယ် ခင်ဗျ"

RFA ကစုံစမ်းထားတဲ့ အချက်အလက်အရ ဒီတိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ တပ်မတော်က ဖမ်းဆီးတရားစွဲထားသူဦးရေဟာ ၆၁ ဦးအထိရှိနေပြီး ပလက်ဝဖက်မှာတော့ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားသူ ၁၂ ဦး ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ပွဲကြားမှာ အရပ်သားသေဆုံးမှုကတော့ ၆၀ ခန့်ရှိနေပြီး ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ အရပ်သားကတော့ ၁ဝဝ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

( RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ် )