မြဝတီက ဒုစရိုက်လုပ်ငန်းတွေ ဆောက်လုပ်ရေးစီမံကိန်းနှစ်ခု ဆက်လုပ်နေ

ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်မှာ ဆိုက်ဘာဒုစရိုက်လုပ်ငန်းက ဆောက်လုပ်ရေး စီမံကိန်းသစ်နှစ်ခု အကောင်အထည်ဖော်နေပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်မှာ ဇုန်နံပါတ် ၅ ဆောက်လုပ်ရေးစီမံကိန်းနဲ့ မယ်ထော်သလေး ကျေးရွာနဲ့ ဖလူးကျေးရွာအနီးမှာ ဧကတစ်ရာ ကျယ်ဝန်းတဲ့ တရုတ်ပိုင်လောင်းကစား အိမ်ယာသစ်တစ်ခု တိုးချဲ့ဆောက်လုပ်နေတာပါ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က တရုတ်ငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ အောက်တိုဘာ ၃၁ရက် နောက်ဆုံးထားထွက်ခွာကြဖို့ ကရင်နယ်ခြားစောင့်တပ်BGF တပ်နယ် ၃ နဲ့ တရုတ်ပိုင်ရထိုက်ကုမ္ပဏီက ပြောထားပေမဲ့ ဆက်လက်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

ဒါကို ကာစီနိုလောင်းကစားရုံနဲ့ ငွေလိမ်လုပ်ငန်းအတွက် ဆောက်လုပ်ရေးစီမံကိန်းဇုန်နှစ်ခုမှာ လျှပ်စစ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်က ပြောပြပါတယ်။

"၁ဝ လပိုင်းအကုန်ပြောင်းဖို့ စာထုတ်တဲ့အချိန်က စပြီး လာအိုတို့၊ ဒီထိုင်းဘက်ကနေ လေယာဉ်နဲ့ ထွက်သွားကြတာတွေ ရှိတယ်၊ဒါပေမဲ့ ရွှေကုက္ကိုလ်မှာကျန်တဲ့တရုတ်တွေအများကြီးပဲ။ ကုက္ကိုလ်မှာရှိတဲ့စီးပွားရေးတွေက တရုတ်ကအဓိကလုပ်နေတာ။ အခုကတရုတ်တွေထွက်မှာကို ကြောက်နေကြတာပေါ့နော်။ ခုနစ်လပိုင်းကတည်းက အွန်လိုင်းလုပ်တဲ့လူတွေ အဆောက်အအုံတွေ ထပ်ဆောက်တယ်။ ပြီးတော့ ဒီကျားဖြန့်တွေက မလျော့သွားဘူးပေါ့နော်။ ပိုပြီးတော့မှတိုးလာတယ်"

လုပ်ငန်းရပ်ဆိုင်းရမှာကို ယာယီရှောင်လွှဲတဲ့အနေနဲ့ ငွေလိမ်လုပ်ငန်းငယ်တွေက မြဝတီမြို့နဲ့ဘုရားသုံးဆူမှာ ပြောင်းရွှေ့လုပ်ကိုင်နေကြပြီး လုပ်ငန်းကြီးတွေကတော့ မြဝတီနဲ့ရွှေကုက္ကိုလ်မှာ ဆက်လုပ်ကိုင်နေပါတယ်။

ဧက ၁၀၀ အိမ်ယာသစ်အတွက် မြန်မာအလုပ်သမားသစ်တွေ ခေါ်ယူနေတယ်လို့လည်း လျှပ်စစ်လုပ်ငန်းလုပ်ကိုင်သူကပြောပါတယ်။

"ဖလူးမှာလည်း site (နေရာ) အသစ်ဆောက်တာ သုံးပတ်လောက်ရှိပြီးလို့ကြားရတယ်။ ကွန်ပျူတာဆိုရင်ဝင်ဝင်ချင်း တစ်သောင်းလောက် ရတယ်ပေါ့နော်။ အခုဆောက်တဲ့ ဆိုက်အသစ်မှာဆိုရင် ဟိုတယ်ရယ်၊ market (ဈေး)ရယ် အဲ့ဒီတစ်ခုပဲပြီးသေးတယ်ပေါ့နော်။ ကျန်တာတော့ မပြီးသေးဘူး။ ဆိုက်အသစ်နေရာမှာလည်းပိုင်ရှင်ကလည်း တရုတ်ပဲ။ ဒီ ဆိုက်အသစ်ကိုတော့ DKBA လုံခြုံရေး စောင့်ပေးတယ်"

ဆက်နွှယ်သောသတင်းများ

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသား ခြောက်ဆယ်ကျော်ရှိလာOpens in new window ]

ကျားဖျန့်လုပ်ငန်းက တရုတ်နိုင်ငံသားတွေ မဲဆောက်မြို့ကို ရွှေ့ပြောင်းOpens in new window ]

မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ထွက်ခွာဖို့ BGF သတိပေးOpens in new window ]

တရုတ်လုပ်ငန်းရှင်တွေဟာ မဲဆောက်က ထိုင်းဘဏ်တွေမှာငွေသွင်း၊ ငွေထုတ်နေပြီး စားသောက်ကုန်၊ စက်ပစ္စည်း၊လျှပ်စစ်ပစ္စည်းနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို မြဝတီကို ပို့ဆောင်နေတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး မြဝတီမြို့BGF တပ်နယ် ၃ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူဗိုလ်မှုးနိုင်မောင်ဇော်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ဆက်ဆံရေးရုံးကို ဆက်သွယ်ပေမယ့်ဖုန်းလက်ခံ မဖြေဆိုပါဘူး။

အခုချိန်ထိလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ မဲဆောက်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ လောင်းကစားရုံတွေနဲ့ အဆောက်အဦတွေကို တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေရော စစ်ကောင်စီကပါ ဝင်ရောက်စစ်ဆေးတာ မရှိပါဘူး။