မြန်မာနိုင်ငံသစ် ခေါင်းစဉ်နဲ့ကျင်းပတဲ့ အခမ်းအနား


2016.12.13

ဝါရှင်တန်ဒီစီ မြို့တော်ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်၊ အယ်လီယော့ နိုင်ငံတကာရေးရာကျောင်းမှာ မြန်မာနိုင်ငံသစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့နေ့လည်ပိုင်းကကျင်းပတဲ့ အခမ်းအနားမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လပ်စွာသွားလာခွင့်ပြုမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဦးခင်မောင်စိုး က ခုလိုတင်ပြထားပါတယ်။

သံအမတ်ကြီး ဦးအောင်လင်းက လတ်တလောမှာ လူသားချင်းစာနာမှုအကူညီတွေကို ခွင့်ပြုနေပါပြီ။ သတင်းမီဒီယာတွေ အဲဒီဒေသသွားချင်တယ်ဆိုတာလည်း သိပါတယ်။ မကြာခင် အချိန်ကျရောက် လာမှာပါ၊ သက်ဆိုင်ရာတွေအတွက် အခြေအနေတွေက ထိလွယ်ရှလွယ်ဖြစ်နေပြီး နက်နဲလွန်းတဲ့ အတွက် မိမိတို့ကို အချိန်ပေးပါလို့ ပြောကြားခဲ့တာပါ။ ဒါ့အပြင် သံအမတ်ကြီးက ရခိုင်ပြည်နယ်က အခြေအနေကို ကမ္ဘာက အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတာကို မိမိတို့ နားလည်သိရှိ ကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် မိမိတို့အစိုးရက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကို ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သံအမတ် ကြီးက ပြောပါတယ်။ ဒါ့အပြင် မနေ့က အခမ်အနားမှာ သံအမတ်ကြီး ဦးအောင်လင်း က မလေးရှားဝန် ကြီးချုပ် နာဂျစ်ရာဇတ်ကို အမည်ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိပေမယ့် လက်ရှိရခိုင်ပြည် အခြေအနေနဲ့ ပတ်သက်ပြီး မွတ်စလင်နိုင်ငံတခုရဲ့ ဝန်ကြီးချုပ်ဖြစ်သူ က မြန်မာပြည်ဆိုင်ရာ ပြောဆိုပုံတွေကို မြန်မာပြည်တွင်းမှာရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်း ကတောင် လက်ခံခြင်းမရှိကြောင်း၊ မြန်မာပြည်ရဲ့အခြေအနေ ကို နိုင်ငံတကာအနေနဲ့ အမှန်အတိုင်း နားလည်အောင်ကြိုးစားကြစေလို ကြောင်း ပြောပါတယ်။

အခမ်းအနား တက်ရောက်သူတဦးက မြန်မာနဲ့ အမေရိကန် တပ်မတော် ၂ ခုအကြား ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့ မြန်မာအစိုးရက အထူးလိုလားပါကြောင်း၊ တချိန်က ကွန်မြူနစ်တွေကို တိုက်ဖျက်ရာမှာ အမေရိကန်က လက်နက်အကူအညီ ပေးခဲ့ကြောင်း၊ ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက လက်နက်ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ အခမ်းအနားမှာ သံအမတ်ကြီး ဦးအောင်လင်းက ၂ဝ၁၁ ခုနှစ်မှာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရက ပါတီစုံဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းမယ် ဆိုတဲ့ ကတိနဲ့အညီ ပါတီစုံ ရွေးကောက်ပွဲတွေက တဆင့် ဒေါ်အောင်ဆန်းစုကြည် လွတ်တော်ကိုယ်စားလှယ်ဖြစ်လာပုံ၊ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က ပြည်လုံး ကျွတ်အနိုင်ရလာပုံ၊ လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိတဲ့အတွက် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်အဖြစ် တိုင်းပြည်ကို ဦးဆောင်နေပုံ စသဖြင့် မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖြစ်စဉ် တိုးတက်နေပုံတွေကို အကျဉ်းချုပ် ရှင်းလင်းပြောကြားပါတယ်။

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့တော့ သံအမတ်ကြီးက အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တဆင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ မြန်မာပြည်သူတရပ်လုံးရဲ့ လူနေမှု အဆင့်အတန်းမြင့်မားရေး ပါပဲလို့ ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အထူးတိုးတက်ကောင်းမွန် လိုကြောင်း၊ ပိတ်ဆို့မှုကို ပယ်ဖျက်လိုက်တဲ့အတွက် အမေရိကန် ကုမ္ပဏီတွေ လာရောက်မြုပ်နှံကြပြီးနှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ မြန်မာပြည်သူလူထုက ဒီကိစ္စကို ဘယ်လောက် အလေး အနက်ထားပြီး သူတို့ရင်ထဲမှာ ဘယ်လိုဆန္ဒတွေရှိသလဲ ဆိုတာ တရုတ်ပြည်က ကောင်းကောင်း နားလည်တယ်လို့ မိမိယူဆပါတယ်၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားဆက်ဆံရေးမှာမြစ်ဆုံက အစိတ်အပိုင်းတခုမျဖြစ်ပြီး အခြားအရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိပါတယ်လို့ အမေရိကန်ပြည်ထောင်စု ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း က ပြောကြား ခဲ့ပါတယ်။

မနေ့က အခမ်းအနားကို ဂျော့ဝါရှင်တန် တက္ကသိုလ်၊ အယ်လီယော့ နိုင်ငံတကာရေးရာကျောင်း က ကျောင်းအုပ်ကြီး Reuben Brigety ၊ဌာနမှူး Linda Yarr ၊ အမေရိကန် အာဆီယံစီးပွားရေးကောင်စီနဲ့ တခြားအဖွဲ့အစည်းတွေ အပါအဝင် မြန်မာနဲ့ အမေရိကန်ဆက်ဆံရေး စိတ်ဝင်စားသူ ၇၅ ဦးခန့် တက်ရောက် ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။