ကျပ်နှစ်သောင်းတန်သုံးတဲ့ ပုဂ္ဂလိကဘဏ်နဲ့ လုပ်ငန်းတွေ အရေးယူမယ်လို့ NUG ကြေညာ
2023.08.24
စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေလိုက်တဲ့ နှစ်သောင်းတန် ငွေစက္ကူတွေကို လက်ဝယ်ထားရှိတာ အရောင်းအဝယ်ပြုလုပ်တဲ့ ပုဂ္ဂလိကဘဏ်တွေ၊ ငွေကြေးဝင်ဆောင်မှု လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုက ဩဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီတားမြစ်မိန့်ကို ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေအနေနဲ့ လိုက်နာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုလတ်က ပြောပါတယ်။
“ပုဂ္ဂလိကဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု အဖွဲ့တွေ အဓိကဦးတည်ပြီး ထုတ်တာဖြစ်တယ်၊ စကစက ဒီနှစ်သောင်းတန် ငွေကြေးတွေကို ငွေကြေးလည်ပတ်စီးဆင်းမှုထဲကို ရောက်ဖို့အတွက်ကတော့ ဒီဘဏ်တွေကို အသုံးချပြီး သွားမှာပဲ ဒီတော့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းရှင်တွေအနေနဲ့ အထူးဂရုစိုက်ပြီးတော့ တားမြစ်မိန့်ကို လိုက်နာဖို့ လိုတယ် တော်လှန်ရေးရေချိန်ကို ကျွန်တော်တို့ အကျခံမှာ လုံးဝမဟုတ်ဘူး တော်လှန်ရေး ရေချိန်ကို မြင့်သထက်မြင့်အောင် ကျွန်တော်တို့ လုပ်မယ် တော်လှန်ရေးဟာ သေချာပေါက် နိုင်မယ့် တော်လှန်ရေးလည်း ဖြစ်သလို အခုလိုအရှိန်တက်လာတဲ့ အချိန်မှာ စကစရဲ့ ငွေကြေးလည်ပတ်မှုကို အသက်ဆက်စေတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး ဒါနဲ့ ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်။”
အရေးယူ ဆောင်ရွက်တာတွေ မလုပ်ခင် တားမြစ်မိန့်ကို အခုလိုထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ NUG ထိန်းချုပ် နယ်မြေဒေသတွေမှာတော့ နှစ်သောင်းတန်ကို လုံးဝသုံးစွဲခြင်းမရှိအောင် သက်ဆိုင်ရာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့လည်း တင်းကျပ်စွာ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ငွေကြေးအကျပ်အတည်းကြုံနေတဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးယန္တရား တစ်နှစ်အတွင်း ပြိုလဲသွားနိုင်တယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်က ဆက်ပြောပါတယ်။
“ဘဏ္ဍာရေးမျက်နှာစာမှာ ဆိုလို့ရှိရင်လည်း ဘဏ္ဍာရေးအရ အထွေထွေ အကျပ်အတည်းဖြစ်ဖို့ အရမ်းနီးစပ်တဲ့ အခြေအနေ ရောက်နေပြီ နောက်ခြောက်လ တစ်နှစ်အတွင်းမှာပဲ စစ်ကောင်စီရဲ့ ဘဏ္ဍရေး ယန္တရားကပြိုလဲ သွားဖို့ရှိတယ် ပြိုလဲသွားအောင်လည်း ကျွန်တော်တို့ အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့ လိုအပ်တယ်ပေါ့နော် ဒါ့ကြောင့်မို့လို့ စစ်ကောင်စီကတော့ သူ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒီနှစ်သောင်းတန်တွေကို ရိုက်နှိပ်ပြီးတော့ သုံးစွဲပြီးတော့ ဖြန့်ဝေဖို့ကြံစည်နေတယ် ကျွန်တော်တို့ကလည်း နှစ်သောင်းတန် ဒီတရားမဝင်ငွေကြေးတွေ လည်ပတ်သုံးစွဲမှု မရှိအောင် အစွမ်းကုန်တားဆီးသွားဖို့ အကြမ်းဖက်တိုက်မှု ဥပဒေတွေနဲ့အညီ ကျွန်တော်တို့ ဆောင်ရွက်မှာပါ။”
စစ်ကောင်စီက ငွေကျပ်နှစ်သောင်းတန် ထွက်ပြီးနောက်မှာ မြန်မာနိုင်ငံမှာ ရွှေစျေး၊ ဒေါ်လာစျေးနဲ့ အခြေခံ စားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်တာဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ထုတ်ဝေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အထိမ်းအမှတ်နဲ့ ထုတ်တာဖြစ်တာကြောင့် ပြည်သူတွေ ကြားထဲကို အမြောက်အမြားရောက်မှာ မဟုတ်သလို NUG ရဲ့ ထုတ်ပြန်ချက်ဟာ စစ်ကောင်စီကို တိုက်ခိုက်တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သေနင်္ဂမဟာ ဗျူဟာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒါကတော့ ကျွန်တော်မြင်တာတော့ အကန့်အသတ်နဲ့ပဲ ထုတ်ဝေတာ ဖြစ်တဲ့အတွက် အထိမ်းအမှတ် ငွေစက္ကူအနေနဲ့ပဲ ထုတ်ဝေတာဖြစ်တဲ့အတွက် အများကြီးလည်း လှည့်ပတ်သုံးစွဲနေစရာအကြောင်း မရှိဘူးပေါ့နော်၊ ငွေစက္ကူထွက်စမှာတော့ စီးပွားရေးသမာတချို့က ဒါကိုအကြောင်းပြပြီးတော့ ငွေကြေးစျေးကွက် မတည်မငြိမ်ဖြစ်တာတွေလည်း အများကြီးပဲ ငွေကြေးဖောင်းပွမှုတွေ ဖြစ်အောင် လုပ်တာတွေလည်း အများကြီးပဲ တကယ်လက်တွေ့ ထွက်လာတဲ့ အချိန်ကျတော့ ဒီငွေကြေးထုတ်ဝေမှုကြောင့် အများကြီး ထိခိုက်သွားတာ မရှိဘူးဆိုတာ မြင်ရတာပဲလေ ကျွန်တော်မြင်တာကတော့ တစ်ဖက်အဖွဲ့အစည်းကနေပြီးတော့ ဒီဘက် အစိုးရကို တိုက်ခိုက်တယ်လို့ပဲ မြင်တယ်။”
လက်ရှိစစ်ကောင်စီက တရားဝင်အာဏာရထားတဲ့ အစိုးရဖြစ်တာကြောင့် အခုထုတ်လိုက်တဲ့ နှစ်သောင်းတန်ဟာ နိုင်ငံတွင်း လှည့်ပတ်သုံးစွဲနေမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ တစ်ဦးကလည်း NUG ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရေးယူ ဆောင်ရွက်တာတွေ လုပ်နိုင်ပေမဲ့ မြို့ကြီးတွေမှာတော့ အဲဒီလိုဖြစ်လာဖို့ခက်ခဲပြီး ဒါပေမဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ ဘဏ်တွေ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“အရေးယူမယ်ဆိုတဲ့ စကားအရတော့ သူတို့ထိန်းချုပ်တဲ့နယ်မြေနဲ့ နီးစပ်တဲ့နေရာတွေမှာတော့ ဖမ်းဆီးမှုတွေ ဘာတွေ ဖြစ်ကောင်းဖြစ်နိုင်မယ် မြို့ပေါ်တွေ သူတို့ထိန်းချုပ်မှုမရှိတဲ့ နေရာတွေမှာတော့ ဖမ်းဆီးအရေးယူတယ်ဆိုတာတော့ ခက်ခဲတယ်၊ ဒါပေမဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကတော့ အရင်တုန်းကလည်း ကျွန်တော်တို့ ဘဏ်တွေ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဖောက်ခွဲတိုက်ခိုက်တာမျိုးတွေ ရှိတယ်ဆိုတော့ သူတို့သတိပေးပြီးတဲ့ နောက်ပိုင်းမှာ အဲလိုတိုက်ခိုက်မှုတွေများ ရှိလာမလားပေါ့ အဲလိုတော့ တွေးကြည့်လို့ရပါတယ်။”
NUG အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အနေနဲ့ စစ်ကောင်စီ ဗဟိုဘဏ်ကို အရေးယူဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။
စစ်ကောင်စီက ငွေကျပ်နှစ်သောင်းတန် ထုတ်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ် မပြုကြောင်းနဲ့ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း NUG ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ လက်မှတ်နဲ့ ဇူလိုင်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ ရပ်တည်နေရတဲ့ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ စစ်တပ်က အမိန့်ပေးတာကို မလွန်ဆန်နိုင်ဘဲ ဒီကျပ်နှစ်သောင်းတန်ကို သုံးစွဲမယ်ဆိုရင် ဘယ်လို သဘောထားမလဲလို့ RFA က မေးမြန်းရာမှာတော့ အဲဒီလိုခြိမ်းခြောက်လို့ သုံးစွဲရပါတယ်ဆိုတဲ့ အချက်အပေါ်မှာတော့ NUG က ဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ပြီး၊ လူထုကိုတော့ ပညာပေးစည်းရုံးသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။