အခြေခံစပါးဈေး ငါးသိန်း သတ်မှတ်

0:00 / 0:00

အရင်နှစ်က အခြေခံ စပါးဈေးနှုန်းကို ပုဂ္ဂလိက အသင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ကနေ သတ်မှတ်ကြေညာခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် မိုးစပါးနဲ့ ၂၀၂၀ မှာထွက်မယ့် နွေစပါးအတွက် တင်းတစ်ရာကို ငွေကျပ် ငါးသိန်းနှုန်းဈေးနဲ့ ဝယ်ယူပေးဖို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီယူ ခေါင်းဆောင်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင့်ရေး ဦးဆောင်အဖွဲ့က ဒီကနေ့ သတ်မှတ်လိုက်ပါတယ်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေဖို့ အခုလို စပါးသီးနှံ အခြေခံဈေးနှုန်းကို ထုတ်ပြန်တာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အခုလို အစိုးရက တရားဝင် ဈေးနှုန်းသတ်မှတ်ပေးလိုက်တာဟာ ဆန်စပါးဈေးကွက်တည်ငြိမ်ဖို့အတွက် မူဝါဒနဲ့ ထိန်းကျောင်းတာဖြစ်ပြီး လက်ရှိပြည်တွင်းမှာ စပါး လက်ကျန်များပြီး ဈေးအကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ကြမ်းခင်းဈေးထက် မကျအောင် အစိုးရက ကြေညာပေးတဲ့သဘောဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောပါတယ်။

အခြေခံဈေးနှုန်း သတ်မှတ်လိုက်တဲ့ စပါး အရည်အသွေးဟာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်သဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေ၊ ကုမ္ပဏီတွေအနေနဲ့ လက်ရှိ စပါးဈေးကွက်ပေါက်ဈေးက အစိုးရသတ်မှတ်ထားတဲ့ အခြေခံစပါးဈေးနှုန်းထက်များနေရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးက အခြေခံစပါးဈေးနှုန်းအောက်နည်းနေရင် အခြေခံသတ်မှတ်စပါးဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ ဆိုထားပါတယ်။

အခြေခံစပါးဈေးနှုန်း မသတ်မှတ်ခင်က စပါးတင်းတစ်ရာကို အနိမ့်ဆုံး ကျပ် သုံးသိန်း ပတ်ဝန်းကျင်လောက်သာ ရခဲ့တယ်လို့ သိရပါတယ်။ အခုလို အစိုးရက အခြေခံစပါးဈေးနှုန်းကို ငါးသိန်း သတ်မှတ်လိုက်တဲ့အတွက် စပါး စိုက်တောင်သူတွေအနေနဲ့ အကျိုးအမြတ်အနေနဲ့တော့ ပိုပြီး မထူးခြားသွားပေမယ့် အခုဈေးက အရင်းမရှုံးနိုင်တဲ့ အနေအထားလောက်တော့ဖြစ်လာမယ်လို့ လယ်သမားတွေက ဆိုပါတယ်။

လယ်ထွန်နေတဲ့ တောင်သူတွေကို တွေ့ရစဉ်

ဒါ့အပြင် စပါးတစ်တင်းဟာ ၄၆ ပေါင်ရှိရမယ်လို့ အစိုးရက သတ်မှတ်ထားပြီး အဲဒီသတ်မှတ်ထားတဲ့အခြင်အတွယ် အတိုင်း ဝယ်ယူပေးဖို့ကိုလည်း အစိုးရအနေနဲ့ ကြပ်မတ်ပေးစေချင်ပြီး အောက်ခြေမှာ တောင်သူတွေအနေနဲ့ အစိုးရသတ်မှတ်ထားတဲ့ အချိန်အတွယ်ထက် ပိုပေးရတာမျိုးရှိတဲ့အတွက် အချိန်အတွယ်ကို မကြပ်မတ်နိုင်ရင်လည်း အခြေခံ ဈေးနှုန်းသတ်မှတ်တာက အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ ဦးမောင်မောင်သောင်း ကပြောပါတယ်။

တောင်သူလယ်သမားအရေး စိတ်ဝင်တစားဆောင်ရွက်နေတဲ့ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းကတော့ လက်ရှိအစိုးရ သတ်မှတ်တဲ့ဈေးဟာ ဧက အနည်းငယ်သာ လုပ်ကိုင်နိုင်တဲ့ လုပ်ကွက်ငယ် တောင်သူတွေအတွက်ဆိုရင် တစ်ရက်ဝင်ငွေနဲ့တွက်ရင် ပျမ်းမျှ ကျပ် ၁၀၀၀ ဝန်းကျင်သာ ဝင်ငွေရှိနိုင်တဲ့အတွက် ဒီဈေးနှုန်းက လုပ်ကွက်ငယ်တောင်သူတွေအတွက်တော့ အဆင်ပြေတဲ့ ဈေးနှုန်းမဟုတ်သေးဘူးလို့ ထောက်ပြ ပါတယ်။

အစိုးရဘက်ကတော့ တောင်သူတွေအနေနဲ့ သတ်မှတ်အခြေခံစပါးဈေးနှုန်းနဲ့ ရောင်းဝယ်ဖို့ အခက်အခဲရှိ တဲ့နေရာတွေမှာ အစိုးရအဖွဲ့က ဦးဆောင် ဖွဲ့စည်းပေးထားတဲ့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဆန်စပါး ဝယ်ယူရေးအဖွဲ့တွေက ဝယ်ယူပေးဖို့ ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိ စပါးဈေးကွက်ပေါက်ဈေးကို အခြေခံသတ်မှတ်ဈေးနှုန်းထက်ပိုရဖို့အတွက်ကို လည်း အစိုးရရော ပုဂ္ဂလိကကဏ္ဍကရော စီစဉ်ဆောင်ရွက်နေတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် ကပြောပါတယ်။

စပါးစိုက် တောင်သူတွေကတော့ အခြေခံ စပါးဈေးနှုန်းကို အစိုးရကသတ်မှတ်ပေးသလိုဘဲ သတ်မှတ် အခြေ ခံဈေးနှုန်းအောက်ရောက်သွားတဲ့အခါမှာလည်း အစိုးရအနေနဲ့ အမှန်တကယ် ဝယ်ယူပေးမယ်ဆိုရင်တော့ တောင်သူတွေအတွက် အသက်ရှုချောင်နိုင်သလိုဆိုကြပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်။)