လွှတ်တော်အတွင်း၊ အပြင် နိုင်ငံရေး ဆွေးနွေးပွဲ


2015.01.10

လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင် သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ လွှတ်တော်ရဲ့ဆောင်ရွက်မှု အခြေအနေနဲ့ လွှတ်တော် ပြင် ပကဆောင်ရွက်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက ပြည်သူ့အကျိုးစီးပွားအတွက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ရှိပါသလားဆိုတဲ့အမြင်ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လွှတ်တော်နိုင်ငံရေးကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖဲ့ွအစည်းက ဦးကိုကိုကြီးနဲ့ Triangle အမျိုးသမီးအဖွဲ့က ဒါရိုက်တာ မခင်လေးတို့က ဦးဆောင်ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၊ ဥပဒေပြဌာန်းရေး ၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး ၊ အမျိုးသား နိုင် ငံရေး အစရှိတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လွှတ်တော်နိုင်ငံရေးအနေနဲ့ ဥပဒေတွေပြဌာန်းလုပ်ဆောင်နိုင်မှုက အဓိကဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်က ပုံဖော်ဆောင်နိုင်ရမှာဖြစ်တယ်လို့ တက်ရောက်ဆွေးနွေးခဲ့သူတွေက ပြောကြပါတယ်။

လွှတ်တော်သက်တမ်း လေးနှစ်အတွင်းမှာ ပြဌာန်းလိုက်တဲ့ ဥပဒေတွေရှိနေပေမယ့် ပြဌာန်းချက်တွေက အားနည်း ချက်တွေအကြောင်း တက်ရောက်ဆွေးနွေးသူတွေက ထောက်ပြခဲ့ကြသလို လွှတ်တော်အတွင်း ပြဌာန်းလိုက်တဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မအပါအဝင် ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှှုတွေကို ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်နိုင်ငံရေး အသက်ဝင်ဖို့အတွက် လွှတ်တော်ကပြဌာန်းလိုက်တဲ့ ဥပဒေတွေထဲမှာ ပြည်သူ့ အကျိုးစီးပွားကို အကျိုးပြုတဲ့ ဥပဒေတွေအားနည်းနေသေးသလို ပြည်သူ့ဘဝလုံခြုံရေးအတွက် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ဒေါ်ညိုညိုသင်း။                   ။လွှတ်တော်ဆိုတာ ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ ဥပဒေအရင်ပြဌါန်းလိုက်တယ် ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖြေရှင်းနိုင်တဲ့ဥပဒေ ဘယ်လောက်ပါလဲဆိုတဲ့ အပိုင်းမှာ ကျမတို့ သုံးသပ်လေ့လာ ရမယ့်အပိုင်းမှ ကျမတို့ဘက်က အားနည်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဥပဒေတစ်ခုဟာ ပြဌါန်းပြီးရင် ချက်ချင်း ပြည်သူလူထုကို အကျိုးရှိစေတဲ့ ဥပဒေဆိုတာတော်တော်ရှားပါတယ်၊ ဒါကြောင့်မို့လို့ အဲ့ဒီအပိုင်းမှာ ကျမတို့ အားနည်းပါတယ်။

လွှတ်တော်ပြင်ပ နိုင်ငံရေးအဖြစ် အရပ်ဘက်အဖဲ့ွအစည်းတွေရဲ့ ဆောင်ရွက်မှုတွေကို အစိုးရက တားမြစ်မှုတွေ ရှိနေသေးတာကြောင့် လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းလာရေးအတွက် အစိုးရက ပူးပေါင်းဆောင် ရွက်ပေးဖို့ လိုအပ်နေသေးတဲ့အကြောင်း Triangle အမျိုးသမီးအဖွဲ့က ဒါရိုက်တာ မခင်လေးက ပြောကြားပါတယ်။

မခင်လေး။                ။လွှတ်တော်ထဲမှာ ကျမတို့ရဲ့ ပြည်သူလူထုရဲ့အသံတွေ၊ CSO တွေရဲ့အသံတွေ အကြံပြု ချက်တွေကို လက်ခံပေးမဲ့ပုံမှန်လမ်းကြောင်း မရှိပါဘူး၊ အဲ့ဒီလိုမရှိသေးတော့ ကျမတို့ဒီထက်ပိုဆိုးတဲ့ လူထု လှုပ်ရှားမှုတွေဖြစ်လာနိုင်ပါတယ်လို့ ကျမကကြိုပြီးတော့ ကောက်ချက်ထုတ်ချင်ပါတယ်၊ ပြည့်သူ့ရဲ့အသံကို သေချာ နားထောင်ပြီးတော့ CSO တွေကနေ ဝေဖန်အကြံပြုတဲ့ဟာတွေကို တလေးတစားဆောင်ရွက်မယ်ဆိုရင်တော့ ကျမတို့ ဒီ ၂ဝ၁၅ မတိုင်ခင်မှာလည်း ကျမတို့ရဲ့ လှလှပပလေးနဲ့ တိုင်းပြည်တိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်နိုင် တဲ့ လမ်းကြောင်းကိုမြင်ပါတယ်။

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖဲ့ွအစည်းက ဦးကိုကိုကြီးကလည်း လွှတ်တော်တွင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ နည်းနေသေးတဲ့အတွက် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုသာ ဆောင်ရွက်ရမှာဖြစ်ပြီး လွှတ်တော်ပြင်ပနိုင်ငံရေးကနေ ၂ဝ၁၅ ခုနှစ်အလွန် နိုင်ငံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်တယ်လို့ပြောပါတယ်။

ဦးကိုကိုကြီး။              ။ကျနော်တို့ ဆက်သွားမယ့် ၂ဝ၁၅ ဂိမ်းအတွက်ရော၊ ၂ဝ၁၅ အလွန်အတွက်ရော အန္တရာယ်ရှိတယ်၊ အထူးသဖြင့်ပြောရရင် တိုင်းရင်းသားပြဿနာက တော်တော်လေး အခြေခံပြဿနာ၊ အဲ့ဒီအခြေခံပြဿနာကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကနေ မဖြေရှင်းပေးနိုင်ဘူး၊ လက်ရှိလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့လည်း မဖြေရှင်းနိုင်ဘူး၊ သို့သော်၂ဝ၁၅ ရွေးကောက်ပွဲနဲ့ လာမယ့်လွှတ်တော်ကနေ ပြီးတော့ တစုံတရာပေါ့၊ အတိုင်းအတာတစ်ခု အသိအမှတ်ပြုဖို့တော့ခိုတယ်၊ အဲ့ဒီအသိအမှတ်ကို ကျနော်တို့က ၂ဝ၁၅ အကျော်အတွက် စိုးရိမ်သောကတွေနဲ့ ပြောနေမယ့်အစား တချို့ဟာတွေက ဒါတွေကို အခွင့်အလမ်းအဖြစ် နဲ့ပြောင်းလဲပစ်လို့ရတယ်၊

၂ဝ၁ဝ ရွှေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နိုင်ငံရေးမှာ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေ ရှိခဲ့ပေမယ့် ယခုနှစ်နောက်ပိုင်း အချို့ကိစ္စရပ်တွေမှာ အစိုးရဘက်က သဘောထားတင်းမာမှုတွေ ရှိနေတာတွေ ကိုလည်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့ ညှိနှိုင်းဖို့ခက်ခဲနေတဲ့ အခြေအနေတွေ အစိုးရကို တောင်း ဆိုနေမယ့်အစား နိုင်ငံရေးပါတီတွေ ပူးပေါင်းလုပ်ဆောင်သွားရလိမ့်မယ်လို့ ထောက်ပြပါတယ်။

ဦးလှဆွေ။                ။ညှိနှိုင်းရခက်တယ်ဆိုရင် အစိုးရကို ထည့်မတွက်နဲ့တော့၊ ကျနော်တို့ ကြံ့ခိုင်ရေးလာ၊ NLD ကလည်းလာ၊ တစ်ခြားတိုင်းရင်းသား ကိုယ်စားလှယ်တွေလည်းလာ၊ ထမင်းအတူလက်ဆုံစားပြီးတော့ အတူတူ လုပ်စမ်းပါ၊ ဘယ်နှစ်ခုလုပ်နိုင်လုပ်လုပ် ဘယ်နှစ်ရပ်လုပ်လုပ် အဲ့ဒီမှာ ၂ဝ၁၅ ကျရင် မင်းတို့ဘယ်လိုလုပ်မယ်၊ ငါတို့ဘယ်လိုလုပ်မယ်၊ တိုင်းပြည်ကောင်းအောင် ငါတို့ဘယ်လိုလုပ်ကြမယ် အဲ့ဒါပိုပြီးတော့ သင့်လျော်တဲ့ လက်တွေ့ကျတယ်၊ ဖြစ်နိုင်ချေရှိတယ်၊ အစိုးရချည်းသွားသွားပြီး တောင်းဆိုနေရင်တော့ မဖြစ်နိုင်ဘူးလို့ ကျနော်ပြောချင်ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း လေးနှစ်အတွင်း လွှတ်တော်ရဲ့ဆောင်ရွက်နိုင်မှု အခြေအနေတွေကို ပြန်လှန် သုံးသပ်ပြီး အခု၂ဝ၁၅ ခုနှစ်မှာ လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး မြန်မာနိုင်ငံရေးပြောင်းလဲမှု ကို ဖော်ဆောင်နိုင်ရမှာဖြစ်တယ်လို့ တက်ရောက်လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။