မြန်မာ့သြဘာစက်ရုံကို ဒေသခံတွေ ထပ်ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စုတွင်း မြန်မာ့သြဘာ မှော်ဘီစိုက်ပျိုးရေး သွင်းအားစု Hmabi Agricultural Input Complex (HAIC) က စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှု ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုတွေကို အစိုးရက စစ်ဆေးအရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စုတွင်းက သပြေကုန်း၊ ပုရွက်ဆိတ်ကုန်း၊ ဝါးနက်ချောင်းနဲ့ ရေတာရှည် ကျေးရွာတွေဟာ မြန်မာ့သြဘာ စိုက်ပျိုးရေးသွင်းအားစု HAIC က စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ လူမှုဝန်းကျင်ထိခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ဒီနေ့ ပြောလိုက်ပါတယ်။

မှော်ဘီစိုက်ပျိုးရေးသွင်းအားစု စက်ရုံတွေဟာ ဝါးနက်ချောင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေနဲ့ ၂ မိုင်လောက် သာ ကွာဝေးပြီး အဲဒီစက်ရုံတွေထဲက ပိုးသတ်ဆေးစက်ရုံဟာ စပါးကြီးချောင်းနဲ့ ၄ ဖာလုံလောက်သာဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စပါးကြီးချောင်းဟာ ဝါးနက်ချောင်းကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို ဖြတ်ပြီး စီးဆင်းနေတဲ့ ချောင်းဖြစ် ပြီး ချောင်းရေ ရေအရောင်ပြောင်းတာ၊ အနံ့ထွက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ရန်ကုန်အခြေစိုက် သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ပတ်သက်ပြီး သစ်ပင်အရွက်တွေဝါတာ၊ ပင်စည်တွေခြောက်တာတွေ၊ သီးပင်တွေဆိုရင်လည်း သာမန်သီးပင်တွေလောက် ထွားကြိုင်းမှုမရှိတော့ဘဲ အထွက်နှုန်းတွေလည်း လျော့ကျသွား တယ်လို့လည်း ဦးမြင့်သိန်းက ပြောပါတယ်။

အဲဒီစက်ရုံတွေကနေ စိုက်ပျိုးရေးသုံး အရည်အသွေးမြင့်သွင်းအားစုတွေ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားသလို အဆင့်မြင့်နည်းပညာတွေနဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ် ဆေး၊ အပင်ဟော်မုန်းဆေး စတဲ့ အမျိုးအစား (၂၀၀)ကျော်ကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ရေတာရှည်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်အေးညွန့်ကတော့ ရေဆိုး၊ အနံ့ဆိုးတွေကြောင့် ရွာမှာရှိတဲ့ ကလေးသူငယ်တွေ ဉာဏ်ရည်အဆင့်မမီမှာ စိုရိမ်ကြောင်းနဲ့ အဲဒီစက်ရုံတွေကို ပြောင်းရွှေ့ပေးစေချင်တယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေဟာ အစိုးရဆီကို ၅ ကြိမ် တိုင်ကြားစာပေးပို့ခဲ့ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေးဌာနက စစ်ဆေးမှုပြုလုပ်တာ၊ တိုင်းစက်မှုကြီးကြပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက လာရောက်စစ်ဆေးတာတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသလို အကြောင်း ပြန်ကြားတာလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှော်ဘီစိုက်ပျိုးရေးသွင်းအားစု စက်ရုံတွေကြောင့် ပတ်ဝန်းကျင်၊ လူမှုဝန်းကျင် ထိခိုက်မှုအခြေအနေတွေကို ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ကြိမ်ကျင်းပခဲ့ပြီး နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေသခံတွေက ပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်လို့ ပြောကြားချက်နဲ့ နေရာရွေ့ပြောင်း ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာ့သြဘာလုပ်ငန်းစုရဲ့ မှော်ဘီစိုက်ပျိုးရေးသွင်းအားစု တာဝန်ရှိတွေကို RFA က ဆက်သွယ်ခဲ့ပါ။

လတ်တလောဖြေကြားဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် နောင်မှ ပြန်လည်ဆက်သွယ်မယ်လို့သာ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြန်မာ့သြဘာလုပ်ငန်းစုက နိုင်ငံတော်အစိုးရအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးရဲ့ ထောက်ခံချက်တွေ ရယူပြီး ဒီစီမံကိန်းကို ဆောင်ရွက်တာဖြစ်ကြောင်း၊ အားလုံးပွင့်လင်းမြင်သာစွာဆောင်ရွက်နေကြောင်းနဲ့ EIS/SIA လုပ်ငန်း စဉ်တွေကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်နေတဲ့အလျောက် ၂၀၁၅ ခုနှစ်ကတည်းက နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ပြီးခဲ့နှစ်က မီဒီယာတွေကို ပြောကြားထားတာရှိပါတယ်။

ဝါးနက်ချောင်းကျေးရွာဒေသခံ ဦးတင်ဝင်းကတော့ ဥပဒေဘောင်အတွင်းကနေ ဆက်လက်ကန့်ကွက်သွားမှာဖြစ်ပြီး အစိုးရကို တိတိကျကျစစ်ဆေးပေးဖို့ တောင်းဆိုသွားမယ့်အပြင် စက်ရုံနေရာရွှေ့ပြောင်းပေးဖို့တွေလည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

မြန်မာ့သြဘာလုပ်ငန်းစုရဲ့ မှော်ဘီစိုက်ပျိုးရေးသွင်းအားစု ထုတ်လုပ်ရေးစက်ရုံကို မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအနီးက အကျယ်အဝန်း ၂၁၆ ဧကပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး စိုက်ပျိုးရေး သုံး ဓာတုပစ္စည်းတွေ ဖျော်စပ်ထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။ အဲဒီစက်ရုံကို ၂၀၁၈ သြဂုတ်လက ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

စက်ရုံကို မြန်မာ့သြဘာလုပ်ငန်းစုက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅ သန်း၊ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း(IFC)က ဒေါ်လာ ၁၀သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးသွင်းအားစုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းထုတ်လုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။